The network connection is lost.

Banner Image

မန်စီးတီးမှာ ဆက်လက်နေထိုင်ဖို့ မဆုံးဖြတ်ရသေးကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အီဒါဆင်

ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့ အပြိုင်အဆိုင်စိတ်ဝင်စားမှုကိုခံနေရတဲ့ မန်ချက်စတာစီးတီးဂိုးသမား အီဒါဆင်က နည်းပြ ပက်ဂွါဒီယိုလာရဲ့ ချီးကျူးပြောဆိုမှုတွေကြောင့် ပျော်ရွှင်မိပေမယ့် အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်ထားရခြင်းမရှိသေးကြောင်း ထုတ်ပြောကြားလာခဲ့ပါတယ်။

The Athletic ရဲ့အဆိုအရ အီဒါဆင်ဟာ ယခုနွေရာသီမှာပဲ မန်စီးတီးကနေထွက်ခွာဖို့ အလားအလာများနေပေမယ့် ဆော်ဒီပရိုလိဂ်ကလပ်တွေဖြစ်တဲ့ အယ်လ်နာဆာနဲ့ အယ်လ်အစ်တီဟတ်တို့ကတော့ ကစားသမားကို အခုချိန်အထိ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားခြင်းမရှိသေးဘူးလို့သိရပါတယ်။ အသင်းနည်းပြ ဂွါဒီယိုလာက ကစားသမားကို မန်စီးတီးမှာ ဆက်လက်ထားရှိလိုကြောင်း ပြောကြားခဲ့ပေမယ့် ဘရာဇီးသားကတော့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချမှတ်ရသေးကြောင်း ဝန်ခံလာခဲ့တာဖြစ်ပါတယ်။

အေစီမီလန်ကို ၃-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီးမှာ အီဒါဆင်က “အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးပါဘူး။ ဂွါဒီယိုလာ အခုလိုပြောခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်တော် မန်စီးတီးနဲ့အတူ ၈ နှစ်ကြာ နေထိုင်ခဲ့ပြီး ကောင်းမွန်တဲ့အခိုက်အတန့်တွေနဲ့ ဆိုးဝါးတဲ့အခိုက်အတန့်တွေကိုလည်း သူနဲ့အတူ ကျော်ဖြတ်ခဲ့ပြီးပါပြီ။ ဂွါဒီယိုလာနဲ့အတူ အလုပ်လုပ်ရတာအရမ်းလွယ်ကူပြီး သူက ဘောလုံးနဲ့ပတ်သက်ရင် ဉာဏ်ကြီးရှင်တစ်ယောက်ပါ။ ဒါကြောင့် အခုလိုသူ့ဆီကကြားရတာ အရမ်းဝမ်းသာပါတယ်”“ဒီမှာရှိရတာ ပျော်ပါတယ်။ အသင်းဖော်တွေနဲ့အတူ အချိန်ကောင်းတွေကို ကုန်ဆုံးနေရတာပါ။ အခုချိန်မှာ ကြံ့ခိုင်မှုလည်းပြည့်ဝနေတော့ လမ်းကြောင်းမှန်ပေါ်ပြန်တက်လာနိုင်ပါပြီ။ ကျွန်တော်အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားတာမျိုးမရှိပါဘူး။ အားလုံးက ဘုရားရဲ့အလိုတော်အတိုင်းပါပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်ပျော်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

အီဒါဆင်ဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာမှ မန်စီးတီးသို့ ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၃၃၂ ပွဲ ကစားထားကာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ကာရာဘောင်ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးရရှိထားပါတယ်။ ဒါကြောင့် ဘရာဇီးလက်ရွေးစင်ဂိုးသမားဟာ မန်စီးတီးမှထွက်ခွာမယ်ဆိုရင်တော့ ကလပ်ဂန္ထဝင်ကစားသမားအဖြစ် သတ်မှတ်ခံရဖို့ရှိနေပြီး သူ့နေရာမှာ စတီဖင်အော်တီဂါကလည်း အစားထိုးဝင်ရောက်ဖို့ အဆင်သင့်ရှိနေတာဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ မန်စီးတီးဟာ တတိယမြောက်ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး စနေနေ့မှာတော့ နောက်ဆုံးခြေစမ်းပွဲစဉ်ကို ချဲလ်ဆီးနဲ့ ကစားသွားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မစတင်ခင် ဩဂုတ်လ ၁၀ ရက်နေ့မှာတော့ မန်စီးတီးဟာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အီဒါဆင်အနေနဲ့ အဲဒီအချိန်အထိ အီတီဟတ်မှာ ဆက်လက်ကျန်ရှိနေမလား စောင့်ကြည့်ရပါမယ်။