The network connection is lost.

Banner Image

ကိုးလ်ပယ်လ်မာအတွက် လုပ်ခလစာတိုးမြှင့်ပေးဖို့ စီစဉ်နေတဲ့ ချဲလ်ဆီး

ကိုးလ်ပယ်လ်မာကို လာမယ့်ဆယ်စုနှစ်အထိ ဆက်ထိန်းထားနိုင်ရေးရည်ရွယ်ချက်ဖြင့် ချဲလ်ဆီးအသင်းက ကစားသမားရဲ့အံ့အားသင့်ဖွယ်ဘောလုံးရာသီအပြီး လုပ်ခလစာတိုးမြှင့်ပေးသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

အသက်-၂၂ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့နွေရာသီ၊ ပြောင်းရွှေ့ကြေးပေါင် ၄၂ ဒဿမ ၅ သန်းဖြင့် မန်စီးတီးမှ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ရောက်ရှိလာခဲ့ကာ ပရီးမီးယားလိဂ် ၃၃ ပွဲကစား၊ ဂိုးပါဝင်ပတ်သက်မှု ၃၃ ကြိမ်အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမားက ပွဲကစားချိန်အကန့်အသတ်နဲ့သာရရှိတဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း အခုပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ သူက ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို နယ်သာလန်နဲ့ရင်ဆိုင်ရတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ဝက်ကင်စ်အတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။

ပယ်လ်မာမှာ ချဲလ်ဆီးနဲ့ ခုနစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ရှိထားပြီး သီတင်းတစ်ပတ်လုပ်ခလစာ ပေါင် ၈၀,၀၀၀ ဝန်းကျင်ရရှိနေတယ်လို့ ယုံကြည်ရပါတယ်။ အသင်းအတွက် ခြေစွမ်းပြကစားပေးနေပေမယ့် အခုလိုကိန်းဂဏန်းတွေက ပယ်လ်မာကို စီနီယာကစားသမားတွေအနက် လစာပမာဏနည်းပါးသူတစ်ဦး ဖြစ်လာစေပါတယ်။

The Telegraph သတင်းဌာနက ချဲလ်ဆီးအသင်းဟာ စွမ်းဆောင်ရည်အပေါ်မူတည်ကာ ပယ်လ်မာရဲ့ လစာနှုန်းထားကို တဖြည်းဖြည်းတိုးမြှင့်ပေးသွားဖို့ စီစဉ်နေပြီး ဒီလိုလုပ်ဆောင်ပေးမှုကြောင့် ကစားသမားအနေဖြင့် အသင်းနဲ့ လာမယ့် ၁၀ နှစ်လောက်အထိ အတူရှိနေမယ်လို့ ယုံကြည်နေကြောင်း ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးဘက်က အခုလိုပြင်ဆင်နေမှုအပေါ် လူသိရှင်ကြားမဖြစ်လိုဘဲ ပယ်လ်မာအပါအဝင် ကစားသမားရဲ့အေးဂျင့်တွေနဲ့ အချိန်ကာလတစ်ခုမှာ ဆွေးနွေးသွားလိမ့်မယ်လို့ပဲ အသိပေးထားပါတယ်။

ပယ်လ်မာက အခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံဆီထွက်ခွာသွားတဲ့ အသင်းရဲ့ရာသီကြိုခရီးစဉ်ဆီ မလိုက်ပါသွားပါဘူး။ အင်္ဂလန်အသင်းရဲ့ ဘာလင်မြို့ဗိုလ်လုပွဲရှုံးနိမ့်မှုအပြီး ၄၈ နာရီအတွင်း gym မှာ ကာယလေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတဲ့ ပယ်လ်မာရဲ့ဓါတ်ပုံတွေကိုလည်း မြင်တွေ့ထားရပါတယ်။

ပိုချက်တီနိုရဲ့နေရာမှာ မာရက်စ်ကာနဲ့ အစားထိုးထားတဲ့ ချဲလ်ဆီးအသင်းက သူတို့ရဲ့ရာသီကြိုခရီးစဉ်ကို ဇူလိုင် ၂၅ ရက်၊ အမေရိကန်နိုင်ငံမှာ ဝရက်ဇ်ဟမ်းနဲ့ယှဉ်ပြိုင်ကစားရင်း စတင်ပါလိမ့်မယ်။

ချဲလ်ဆီးက လတ်တလောနွေရာသီကာလအတွင်း နိုင်ငံတကာပွဲစဉ်တွေမကစားရတဲ့ ကစားသမားတွေနဲ့ ရာသီကြိုပြင်ဆင်မှုကို စတင်ထားခဲ့ပါတယ်။