The network connection is lost.

Banner Image

အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့မိတဲ့အပေါ် နောင်တမရကြောင်းပြောကြားလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုအပေါ် ငြင်းပယ်မိခဲ့တဲ့အပေါ် ဘာကြောင့်နောင်တမရသလဲ ရှင်းပြလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ကို အယ်လ်ဟီလယ်က လုံလောက်တဲ့ကမ်းလှမ်းမှုမျိုးနဲ့ ဆွဲဆောင်ခဲ့တာဖြစ်ပေမယ့် ကစားသမားကတော့ အိုးလ်ထရက်ဖို့ဒ်မှာပဲဆက်နေပြီး ယူနိုက်တက်အတွက် ဆက်လက်ကစားပေးဖို့သာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာရပ်တည်ခဲ့သလို၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း တော့တင်ဟမ်ကိုအရေးနိမ့်ပြီး ဆုဖလားနဲ့လွဲချော်ခဲ့ပေမယ့် ဖာနန်ဒက်စ်ကတော့ အသင်းအတွက် ဆက်လက်ပေးဆပ်လိုနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ပေါ်တူဂီလက်ရွေးစင်ဟာ အယ်လ်ဟီလယ်ရဲ့ အကျိုးအမြတ်ကြီးမားတဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး သူ့ရဲ့အနာဂတ်ကို ယူနိုက်တက်မှာသာမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ ဖာနန်ဒက်စ်က အယ်လ်ဟီလယ်အနေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ရာမှာ ကလပ်ချန်နယ်ကနေပဲ ဆက်သွယ်ခဲ့ကြောင်းနဲ့ အယ်လ်ဟီလယ်ဥက္ကဌကိုယ်တိုင် ဆက်သွယ်ခြင်းမျိုး နည်းပါးခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ပေါ်တူဂီသားက "ဘောလုံးလောကမှာ ပိုက်ဆံကဘယ်လောက်အရေးပါတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူတို့က ကျွန်တော့်ကို အတော်လေးကြီးမားတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့လည်း ငြင်းပယ်ဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်‌တော် အယ်လ်ဟီလယ်ဥက္ကဌနဲ့စကားပြောတဲ့အခါမှာတော့ ယူနိုက်တက်ကနေ ထွက်မှာမဟုတ်ကြောင်းနဲ့ သူ့ရဲ့ကမ်းလှမ်းမှု ကို အသိအမှတ်ပြုကြောင်းတွေပြောခဲ့ပါတယ်။ ကျွန်တော်နဲ့သူနဲ့ တစ်ကြိမ်ပဲစကားပြောခွင့်ရခဲ့ပါတယ်"

"ကျွန်တော် ဘာပဲလုပ်ချင်လုပ်ချင် ယူနိုက်တက်နဲ့တိုင်ပင်လို့ရပါတယ်။ကျွန်တော်ပြောဖူးပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကိုအလိုမရှိတော့ရင် ထွက်သွားဖို့အသင့်ပဲဆိုတာ။ ဒါပေမယ့် ယူနိုက်တက်က ကျွန်တော့်ကိုလိုချင်နေဆဲဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ အသင်းကနေထွက်သွားစရာမလိုတော့ပါဘူး။ ကျွန်တော်က ဒီမှာပဲနေချင်တာပါ။ အယ်လ်ဟီလယ်မှာ ကျွန်တော်ပိုက်ဆံတွေအများကြီးရနိုင်တယ်ဆို သိပေမယ့် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တမရပါဘူး။ ကျွန်တော်ဒီမှာဆက်နေချင်သလို၊ အောင်မြင်မှုတွေလည်း ထပ်ရချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုနွေရာသီအတွင်း ယူနိုက်တက်ဟာ တိုက်စစ်ကိုအဓိကအင်အားဖြည့်တင်းနေပြီး မားသီးယက်စ်ကွန်ညာ၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဘင်ဂျမင်ဆက်စ်ကိုတို့ကို ခေါ်ယူထားပြီးဖြစ်တာကြောင့် ဖာနန်ဒက်စ်အနေနဲ့ ဖန်တီးမှုတွေပိုမိုကောင်းမွန်လာဖို့ အာရုံစိုက်သွားရမှာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။