The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲစဉ်ကို စုစုစည်းစည်းကျော်ဖြတ်သွားရမယ်လို့ ပြောဆိုလိုက်တဲ့ အာဆင်နယ်ကပ္ပတိန်အိုဒီဂတ်

လတ်တလောကျဆုံးမှုတွေအပြီး မေ ၇ ရက်၊ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကြိုတင်ခန့်မှန်းချက်တွေကို ပြောင်းပြန်လှန်ပစ်ဖို့ ရည်မှန်းထားတဲ့ မာတင်အိုဒီဂတ်က အာဆင်နယ်အသင်းကို အတူတကွ စုစုစည်းစည်းရှိနေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂန်းနားတွေက သူတို့သမိုင်းတလျှောက် ဒုတိယမြောက်ချန်ပီယံလိဂ်ဖိုင်နယ်ဆီ တက်ရောက်နိုင်ရေးအတွက် ပြင်သစ်ချန်ပီယံတွေကို သာမန်ပွဲကစားချိန်အတွင်းမှာ မဖြစ်မနေအနိုင်ယူရမယ့် ခက်ခဲတဲ့စမ်းသပ်မှုတစ်ရပ်နဲ့ Parc des Princes မှာ ရင်ဆိုင်သွားရပါလိမ့်မယ်။ ပြီးခဲ့တဲ့သီတင်းပတ်၊ မြောက်လန်ဒန်အရပ်ပထမအကျော့ပွဲစဉ်မှာ ဒမ်ဘီလီရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့အတူ အာတီတာရဲ့အသင်း ဝ-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ပီအက်စ်ဂျီက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ မန်စီးတီးကို အနိုင်ယူပြီးနောက် ၁၆ သင်းရှုံးထွက်အဆင့်မှာ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူး၊ ကွာတားဖိုင်နယ်အဆင့်မှာ အက်စတွန်ဗီလာတို့ကို ဆက်တိုက်ဆိုသလို အနိုင်ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားမရရှိဖူးတဲ့ အာဆင်နယ်က စိတ်ပျက်စရာပထမအကျော့ရှုံးပွဲအပြီး အခုရာသီ၊ ပီအက်စ်ဂျီအသင်းချေမှုန်းခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်လာဖို့ နီးစပ်နေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာပါ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့လို့ ပါရီမြေမှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် သူတို့ရဲ့ကြိုတင်ပြင်မှုတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နာကျင်စရာရှုံးနိမ့်မှုနှစ်ခုအပြီး အာတီတာက အာဆင်နယ်အသင်းမှာ နိုင်ပွဲဆာလောင်စိတ် အပြည့်အဝရှိနေပါပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ဂန်းနားကပ္ပတိန်အိုဒီဂတ်ကတော့ လတ်တလောကျဆင်းမှုတွေကြောင့် စိတ်ပျက်နေရခြင်းကို လောင်စာအဖြစ် ပြောင်းလဲကာ ပီအက်စ်ဂျီနဲ့ပွဲစဉ်ကို အနိုင်ယူသွားဖို့ အသုံးပြုသွားနိုင်တယ်လို့ ပြောပါတယ်။ နော်ဝေသားကွင်းလယ်ကစားသမားက “ အခုအချိန်မှာ ကျွန်တော်တို့တွေ စိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အရေးကြီးပွဲစဉ်တစ်ခုအတွက် ပြင်ဆင်ရင်း စုစုစည်းစည်း၊ သန်သန်မာမာနဲ့ ရှေ့ဆက်သွားနိုင်ဖို့ လိုအပ်ပါတယ်။

ဒါက ပွဲကြီးပွဲကောင်းတစ်ခုပါ။ ဒါ ကောင်းတဲ့အချက်ပါပဲ။ မင်းစိတ်ပျက်နေချိန် ဒေါသတွေလည်း ထွက်နေပါလိမ့်မယ်။ ဒီစိတ်ခံစားမှုတွေကို ဗုဒ္ဓဟူးညပွဲစဉ်မှာ အသုံးပြုလို့ ရနိုင်ပါတယ်။ ကျွန်တော်တို့ ဘာအတွက်ကစားနေသလဲဆိုတာကို သိပါတယ်။ ခွန်အားတွေဖန်တီးဖို့၊ အဆင်သင့်ဖြစ်နေစေဖို့ ကျွန်တော်တို့တွေ စုစုစည်းစည်းရှိရပါမယ်”လို့ ပြောပါတယ်။