
ကြွက်သားဒဏ်ရာရသွားတဲ့ ကိုင်ဟာဗက်ဇ်ကြောင့် အာဆင်နယ်တိုက်စစ် စိုးရိမ်စရာဖြစ်လာ
ဒူဘိုင်းမှာ လေ့ကျင့်နေတဲ့ အာဆင်နယ်အသင်းအတွက် သတင်းဆိုးတစ်ခု ထွက်ပေါ်လာပါတယ်။ အဓိက ကစားသမား ကိုင်ဟာဗက်ဇ်ဟာ ကြွက်သားဒဏ်ရာ ရသွားခဲ့တာကြောင့် အသင်းရဲ့ ရာသီအလယ်ပိုင်း လေ့ကျင့်ရေး အစီအစဉ်ဟာ စိုးရိမ်စရာ အခြေအနေကို ရောက်သွားခဲ့ပါတယ်။
ဒီ ဂျာမန်ကစားသမားဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ဂိုးအထိ သွင်းယူပေးထားပြီး ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒူဘိုင်းက ပူပြင်းတဲ့ ရာသီဥတုမှာ လေ့ကျင့်နေရင်း တံကောက်ကြောဒဏ်ရာ ရသွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီ ဒဏ်ရာကြောင့် ကိုင်ဟာဗက်ဇ်ဟာ လာမယ့်ပွဲတွေကို လွဲချော်ရဖို့ ရှိပြီး၊ ဒါဟာ မန်နေဂျာ အာတီတာအတွက် ကစားသမား ရွေးချယ်ရာမှာ နောက်ထပ် ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။
လက်ရှိမှာ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဘူကာယိုဆာကာ၊ ဂါဘရီယယ်ဂျီးဆပ်စ် နဲ့ ဂါဘရီယယ်မာတင်နယ်လီတို့ ဒဏ်ရာတွေကြောင့် အသင်းနဲ့အတူ မပါဝင်နိုင်သေးပါဘူး။ အခု ကိုင်ဟာဗက်ဇ်ပါ ထပ်ပြီး ဒဏ်ရာရသွားတာကြောင့် အာတီတာမှာ တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာ ကစားသမား သုံးဦးတည်းသာ ကျန်တော့တာပါ။ အဲဒီ ကစားသမားတွေကတော့ ရာဟင်စတာလင်၊ အီသန်ဝမ်နရီ နဲ့ လီယန်ဒရိုထရိုဆက်တို့ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ လက်စတာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ပြန်ကစားရမှာ ဖြစ်ပေမယ့်၊ ကိုင်ဟာဗက်ဇ်အနေနဲ့ အဲဒီပွဲကို ကစားနိုင်ဖို့ ကြံ့ခိုင်မှု ပြည့်မီနိုင်ပါ့မလားဆိုတာ မသေချာသေးပါဘူး။