The network connection is lost.

Banner Image

ဘာစီလိုနာက လာလီဂါဖလားနဲ့ထိုက်တန်တယ်လို့ အန်ဆယ်လော့တီ ဝန်ခံ

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါအမှတ်ပေးဖလားနဲ့ ထိုက်တန်ကြောင်း ဝန်ခံပြောကြားလာခဲ့ပြီး ဘာစီလိုနာရဲ့ကစားပုံကိုလည်း ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့နံနက်က ဘာစီလိုနာဟာ ကတ်တလန်ဒါဘီပြိုင်ဘက် အက်စ်ပန်ညိုကို ၂-၀ နဲ့အနိုင်ယူပြီး ရာသီကုန်ဖို့ ၂ ပွဲအလိုမှာပဲ အသင်းရဲ့ ၂၈ ကြိမ်မြောက် လာလီဂါချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဘာစီလိုနာဟာ ဒုတိယ‌နေရာက ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၇ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ ဒီရာသီပြိုင်ပွဲစုံမှာ ရီးရဲလ်မက်ဒရစ်ကို ပွဲစဉ်တိုင်း အနိုင်ကစားခဲ့တာဖြစ်ပြီး စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဆုဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

၂၀၂၄-၂၅ ရာသီဟာ ရီးရဲလ်မက်ဒရစ်အတွက်တော့ ကျရှုံးတဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်နဲ့ပဲ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ရီးရဲလ်မက်ဒရစ်အတွက် နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ကလပ်ကမ္ဘာ့တော့ အရယူဖို့ ကျန်ရှိနေပါသေးတယ်။

ယခုအခါမှာ အန်ဆယ်လော့တီက "ဘောလုံးမှာက ဒီလိုပါပဲ။ တစ်ခါတလေမှာ အသင်းရဲ့ကစားသမားတွေဆီကနေ အကောင်းဆုံးစွမ်းဆောင်ရည်ကို ညှစ်ထုတ်ဖို့ ခက်ခဲပါတယ်။ ဘာစီလိုနာကတော့ အရမ်းကောင်းခဲ့ပါတယ်။ လိဂ်မှာ တသမတ်တည်းဖြစ်တဲ့ ခြေစွမ်းကို ထိန်းသိမ်းနိုင်ခဲ့သလို ၊ အရမ်းလှတဲ့ ကစားပုံကိုလည်း ပြသနိုင်ခဲ့ပါတယ်။ သူတို့အတွက်ဂုဏ်ယူပါတယ်။ နောက်ရာသီမှာတော့ မတူညီတဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ ဘာစီလိုနာနဲ့ ပြိုင်ပွဲစုံ ၄ ပွဲတွေ့ဆုံခဲ့ရာ ၄ ပွဲစလုံး အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီရာသီ လာလီဂါ ၃၆ ပွဲကစားပြီးချိန်မှာ ဘာစီလိုနာဟာ ရဂိုး ၉၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ၇၄ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။