
လူငယ်စတားတစ်ဦးကို နေရာအသစ်မှာထားကစားဖို့ ပြင်ဆင်လာတဲ့ အာမိုရင်
ယူနိုက်တက်နည်းပြ အာမိုရင်တစ်ယောက် လူငယ်စတား မိုင်နူးကို နေရာအသစ်မှာ ထားကစားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရာသီဒုတိယရာသီဝက်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီးနောက် ကိုဘီဟာ တန်ဟက်လက်အောက်မှာ နေရာရလာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ပေါ်တူဂီသားနည်းပြက အင်္ဂလန်သားတစ်ယောက် သူ့လက်အောက်မှာ ပွဲထွက်ခွင့်ရုန်းကန်နေရတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
“ဒီနေ့မှာ ကိုဘီကစားခွင့်ရတဲ့နေရာက အဆင်ပြေပါတယ်။ ကျွန်တော်တို့ ကစားသမားတွေအခြေအနေကို နားလည်ဖို့ အချိန်လိုအပ်ပါတယ်။ ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့ ခံစစ်ပိုင်းမှာ သူရုန်းကန်နေရပါတယ်။ အခုတော့ သူနံပတ် ၁၀ နေရာမှာ လွတ်လွတ်လပ်လပ်ကစားခွင့်ရခဲ့ပါတယ်။ ဂိုးဧရိယာအနီးနားမှာ ဘောလုံးကိုင်ကစားရတာက တကယ်ကောင်းပါတယ်။ အသေးစားချိတ်ဆက်မှုတွေလည်း လုပ်ခွင့်ရပါတယ်။ကစားသမားတွေရဲ့အကောင်းဆုံးနေရာကို နားလည်နိုင်ဖို့ ကျွန်တော်တို့ သူတို့နဲ့အချိန်ပေးဖို့ လိုအပ်ပါတယ်”လို့ အာမိုရင်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အာမိုရင်က ဂါနာချို ၊ အာမက်တို့လိုကစားသမားတွေရဲ့အကောင်းဆုံးနေရာကို နားလည်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ “ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနည်းငယ်တော့ အထနှေးခဲ့ပါတယ်။ ပထမပိုင်းမှာ ပြိုင်ဘက်ကတော်တော်လေးနီးစပ်ခဲ့ပါတယ်။ သူတို့ နေရာလွတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ သူတို့ ခံစစ် ၃ ယောက်တန်းနဲ့ ဖိအားပေးခဲ့ပြီး အခွင့်အရေးအချို့ကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြိုင်ဘက်က အနည်းငယ်ပင်ပန်းလာခဲ့တာကို ခင်ဗျားမြင်နိုင်ပါတယ်။
အဲ့အချိန်မှာ ကျွန်တော် ကိုဘီ ၊ အာမက် နဲ့ ဂါနာချိုတို့ကို နေရာလွတ်တွေရှာဖွေစေခဲ့ပါတယ်။ အဲ့တာက အလုပ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ ၂ ဂိုးရခဲ့ပါတယ်။ အဲ့ထက်တောင် ဂိုးပိုရခဲ့သင့်တာပါ။ ကျွန်တော်တို့ နေရာလွတ်တွေရခဲ့ပြီး ၄ ဦး ၊ ၂ ဦးအနေအထားအထိ ရခဲ့ပါတယ်။
အခုတော့ ကျွန်တော်တို့ အဲ့လိုမျိုးဆက်ကစားဖို့ လုပ်ဆောင်နေပါတယ်။ အဲ့တာက ကျွန်တော်တို့အတွက် တကယ်ကိုကြီးမားပါတယ်။ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်တို့ အနားယူဖို့ အရေးကြီးပါတယ်။တနင်္ဂနွေနေ့မှာ နောက်ထပ်ပွဲကန်ရမှာဖြစ်ပြီး အဲ့အတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်”လို့ အာမိုရင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။