The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့လူစာရင်းက ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်တယ်လို့ အာမိုရင်အခိုင်အမာပြောကြား

မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း တိုက်စစ်ပိုင်းကို အဓိကအင်အားဖြည့်တင်းထားခဲ့ပေမယ့် အာဆင်နယ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာတော့ ၀-၁ ဆိုတဲ့ရလဒ်နဲ့ ရှုံးပွဲစတင်ကြုံတွေ့ခဲ့ရပါတယ်။သို့သော်လည်း နည်းပြရူဘင်အာမိုရင်ကတော့ အသင်းမှာ ပရီးမီးယားလိဂ်အသင်းတိုင်းကို အနိုင်ယူနိုင်တဲ့ လူစာရင်းရှိနေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ အာဆင်နယ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ပထမပိုင်း ၁၃ မိနစ်မှာပဲ နောက်ခံလူ ရီကာဒိုကာလာဖီအိုရီက ‌ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ အနိုင် ၃ မှတ်ရရှိစေဖို့ လုံလောက်ခဲ့ပါတယ်။ ယခုရှုံးပွဲကြောင့်ယူနိုက်တက်ဟာ နောက်ဆုံး ၆ ရာသီအတွင်း အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲမှာ ၃ ပွဲအထိ ရှုံးပွဲကြုံရတဲ့မှတ်တမ်းဆိုးကိုလည်း ရရှိခဲ့ပါတယ်။ 

နည်းပြအာမိုရင်အနေနဲ့လည်း ယခုအခါမှာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၂၈ ပွဲအတွင်းမှာ ၁၅ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်ရဲ့ ယခုနွေရာသီအတွင်း ခေါ်ယူထားခဲ့တဲ့ ကစားသမားသစ် မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယခုပွဲစဉ်ဟာ အသင်းအတွက် အပြုသဘောဆောင်တဲ့အချက်တွေလည်း ကျန်ရှိနေပါသေးတယ်။ 

ပွဲအပြီးမှာ အာမိုရင်က "ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်အသင်းတိုင်းကို အနိုင်ယူနိုင်တဲ့ ကစားသမားတွေပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ ဝေဖန်မှုတွေကို မေ့ထားပြီး အာရုံစူးစိုက်နေဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့က အသင်းတစ်သင်းအနေနဲ့ ကစားနေတာဖြစ်လို့ ဘယ်သူက အသင်းအတွက်ကစားခွင့်ရတယ် မရဘူးဆိုတာ အရေးမကြီးပါဘူး။ အနိုင်ရဖို့ပဲ အရေးကြီးပါတယ်"

"ဒီပွဲမှာပြသခဲ့တဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ပိုကောင်းတဲ့ရလဒ်နဲ့ထိုက်တန်ခဲ့ပြီး ဒီပုံစံအတိုင်းပဲ ရှေ့ဆက်သွားရပါမယ်။ ပြီးခဲ့တဲ့ရာသီကထက်ပိုပြီးတော့ အသင်းကစိတ်အားတက်ကြွနေပါတယ်။ ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး တစ်ယောက်ချင်းယှဉ်ပြိုင်မှုတွေမှာလည်း အသာရခဲ့ပါတယ်။ အသင်းက ဘောလုံးကိုင်ထားသည်ဖြစ်စေ၊ မကိုင်ထားသည်ဖြစ်စေ တစ်ခုခုလုပ်နိုင်တော့မယ်ဆိုတဲ့ ခံစားချက်ကို ဒီပွဲမှာရရှိခဲ့ပါတယ်။ ကျွန်တော်တို အနိုင်ရဖိုလိုအပ်နေသေးပေမယ့် ပြီးခဲ့တဲ့ရာသီကထက်တော့ သိသိသာသာ တိုးတက်လာခဲ့ပါပြီ" လိုပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်အထိ ရှိခဲ့ပြီး အဆိုပါပမာဏဟာ အာဆင်နယ်ရဲ့ ဂိုးပေါက်ကန်သွင်းမှု ၉ ကြိမ်အထိ သိသိသာသာများပြားတဲ့ ပမာဏလည်းဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဂိုးပေါက်ကန်သွင်းမှုအရေအတွက်ဟာ ၂၀၁၁ ခုနှစ်က အာဆင်နယ်ကို ၈-၂ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲအတွင်း အများဆုံးသော အရေအတွက်လည်း ဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။