ဘော်လွန်းဒီအော်ဆုပေးပွဲအခမ်းအနားကို လန်ဒန်မြေမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပဖို့ စီစဉ်
၂၀၂၆ ခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုပေးပွဲအခမ်းအနားကို အခုနှစ်၊ ဆောင်းဦးရာသီကာလအတွင်း လန်ဒန်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားပါမယ်။
ဒီဆုပေးပွဲအခမ်းအနားရဲ့ အကြိမ် ၇၀ မြောက်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပထမဆုံးအော်လွန်းဒီအော်ဆုရှင် အင်္ဂလန်ကစားသမားစတန်လေမက်သရူးစ်နောက်ပိုင်း ဆယ်စုနှစ် ၇ ခုအကြာမှာ အခုလို လန်ဒန်မှာ ကျင်းပဖို့ စီစဉ်လာတာပါ။ ဆုပေးပွဲကို အောက်တိုဘာ ၂၆ ရက်မှာ ကျင်းပဖို့ရှိပြီး အခမ်းအနားကျင်းပမယ့်နေရာကိုတော့ မကြာခင်မှာ ကြေညာပေးသွားပါလိမ့်မယ်။
ဒီဆုကို France Football မဂ္ဂဇင်းက ပေးအပ်တာဖြစ်ပြီး ၂၀၂၄ ခုနှစ်ကစလို့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နဲ့ ပူးပေါင်းစီစဉ်ကာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ပြင်သစ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဒမ်ဘီလီက ဒီဆုကို ရရှိခဲ့ပါတယ်။
"အကြိမ် ၇၀ မြောက် ဆုပေးပွဲကို အင်္ဂလန်နဲ့ ဗြိတိန်ရဲ့မြို့တော်မှာ ကျင်းပခြင်းအားဖြင့် ဘော်လွန်းဒီအော်ရဲ့ နယ်ပယ်ကို ချဲ့ထွင်လိုက်တာဖြစ်သလို ကမ္ဘာ့အဆင့်မီဂုဏ်သိက္ခာရှိတဲ့ ဆုတစ်ခုဆိုတာကိုလည်း ပိုပြီး ခိုင်မာစေပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဥရောပဘောလုံးရာသီလည်း ပြီးဆုံးဖို့နီးကပ်နေသလို ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲလည်း နီးကပ်လာနေလို့ ၂၀၂၅ ခုနှစ်ရဲ့ဆုရှင်တွေဖြစ်တဲ့ ဘွန်မာတီနဲ့ ဒမ်ဘီလီတို့ရဲ့နေရာကို ဘယ်သူတွေ ဆက်ခံမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။
အာဂျင်တီးနားအသင်းကို ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ မက်ဆီက ဘလွန်းဒီအောဆုကို ရှစ်ကြိမ်ဖြင့် အများဆုံး ရရှိထားပါတယ်။ သူ့ရဲ့နောက်မှာ စီရော်နယ်လ်ဒိုက ငါးကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ပလာတီနီ၊ ဂျိုဟန်ခရိုက်ဖ်နဲ့ ဗန်ဘတ်စတန်တို့က သုံးကြိမ်စီ ရရှိထားကြပါတယ်။
အင်္ဂလန်ကစားသမားတွေထဲမှာ ဒီဆုကို နောက်ဆုံးအကြိမ်ရရှိခဲ့သူက မိုက်ကယ်အိုဝင်(၂၀၀၁ ခုနှစ်) ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေ အများကြီးသွင်းယူပေးထားတဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
ဒီနွေရာသီ၊ မြောက်အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဟယ်ရီကိန်းက ဒမ်ဘီလီ၊ ဒီကလန်ရိုက်စ်၊ အိုလီစီ၊ ခဗာရက်စ်ခီလီယာ၊ အမ်ဘာပေနဲ့ ယာမယ်လ်တို့ထက် ပိုပြီးရေပန်းစားနေပါတယ်။