၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မယ့် ဆွေးနွေးမှုတွေကို ရူဒီဗော်လာ ပြင်းပြင်းထန်ထန်ကန့်ကွက်
ဂျာမနီလက်ရွေးစင်ကစားသမားဟောင်းနဲ့ လက်ရှိဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) အားကစားဒါရိုက်တာရူဒီဗော်လာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် သပိတ်မှောက်ခြင်းကို အချိန်ဖြုန်းမှုသက်သက်ဖြင့် ရလဒ်မရှိတဲ့ လုပ်ရပ်အဖြစ် ယူဆနေပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပမယ့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားကို သပိတ်မှောက်ဖို့အတွက် ဆွေးနွေးမှုတွေ ပြန်လည်ထွက်ပေါ်လာချိန် နေရာလွဲမှားနေတယ်လို့ DFB အားကစားဒါရိုက်တာရူဒီဗော်လာက ဆိုပါတယ်။
လတ်တလော၊ ဘာလင်မြို့မှာပြုလုပ်ခဲ့တဲ့ ဂျာမန်သတင်းအေဂျင်စီရဲ့အယ်ဒီတာအဖွဲ့အစည်းအဝေးမှာ ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံဟောင်းဗော်လာက သူ့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
"ဒါကို ဆွေးနွေးနေတာ အဓိပ္ပာယ်မရှိပါဘူး။ ဘာမှလည်းဖြစ်မလာဘဲ အားကစားသမားတွေကိုပဲ ထိခိုက်စေပါတယ်" လို့ တိုက်စစ်မှူးဟောင်းဗော်လာက ထောက်ပြခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုတွေကြောင့် ကစားသမားတွေပဲ နစ်နာဆုံးရှုံးရလေ့ရှိတယ်လို့ ဆိုပါတယ်။
အသက် ၆၅ နှစ်အရွယ်ရှိဗော်လာက ၁၉၈၀ မော်စကိုအိုလံပစ်နဲ့ ၁၉၈၄ လော့စ်အိန်ဂျလိစ်အိုလံပစ်တို့အပေါ် သပိတ်မှောက်မှုတွေကို နမူနာပေးပြီး "အကျိုးရလဒ်တစုံတရာ မထွက်ပေါ်လာလို့ ကျွန်တော်ကတော့ သပိတ်မှောက်တာကို အမြဲတမ်းကန့်ကွက်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
အားကစားပွဲကြီးတွေကို နိုင်ငံရေးအာဏာပြိုင်ဆိုင်မှုတွေအတွက် အသုံးချရမယ့်နေရာ မဟုတ်ဘူးလို့ သူက ယူဆပါတယ်။ ဗော်လာရဲ့အမြင်အရ အားကစားမှာ အထွဋ်အထိပ်ရောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ကြတဲ့ အားကစားသမားတွေကိုယ်တိုင် အခုလိုကိစ္စတွေကြောင့် နစ်နာလေ့ရှိပါတယ်။
ဒီဆွေးနွေးမှုကိုတော့ စိန့်ပေါ်လီအသင်းဥက္ကဋ္ဌအိုကီဂေါ့လစ်ချ်က မကြာသေးခင်ကပဲ ပြန်လည်စတင်ခဲ့တာဖြစ်ပြီး သပိတ်မှောက်နိုင်ခြေကို အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးသင့်ပြီး သေချာစဉ်းစားသင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။
"ဒီလိုအကြောင်းအရာမျိုးကို လျစ်လျူရှုထားလို့ မရပါဘူး။ ဘောလုံးလောကဆိုတာ လူမှုရေးပြဿနာတွေကြားထဲမှာ သီးခြားခွဲထုတ်ထားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ" လို့ ဂေါ့လစ်ချ်က ပြောခဲ့ပြီး အားကစားနဲ့ နိုင်ငံရေးခွဲခြားဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူးလို့ ထောက်ပြခဲ့ပါတယ်။
ဂရင်းလန်းကျွန်းနဲ့ပတ်သက်လို့ ဒေါ်နယ်ထရန့်ရဲ့ပိုင်ဆိုင်မှုတောင်းဆိုချက်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် အမေရိကန်လူဝင်မှုကြီးကြပ်ရေးအကောက်ခွန်ဌာန(ICE)ရဲ့ ကြမ်းတမ်းတဲ့လုပ်ဆောင်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေက အခုသပိတ်မှောက်ဖို့ဆော်ဩမှုအတွက် အဓိကတွန်းအားတွေဖြစ်မယ်လို့ ယူဆရပါတယ်။