The network connection is lost.

Banner Image

၂၀၂၇ ခုနှစ်အာဖရိကဖလားပြိုင်ပွဲကို အရှေ့အာဖရိကဒေသမှာပဲ ကျင်းပသွားမယ်လို့ CAF ဥက္ကဋ္ဌ မော့ဆီပီ အတည်ပြု

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဥက္ကဋ္ဌ ပါထရစ်မော့ဆီပီက ၂၀၂၇ အာဖရိကဖလား (AFCON) ပြိုင်ပွဲကို အရှေ့အာဖရိကမှာပဲ အစီအစဉ်အတိုင်း ကျင်းပသွားမယ်လို့ အတည်ပြုခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ ရွှေ့ဆိုင်းဖို့မရှိသလို အမှတ်တရများစွာနဲ့ပြိုင်ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ချက်အပြည့်ပြောကြားလိုက်ပါတယ်။

တန်ဇန်းနီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ သောကြာနေ့ CAF အစည်းအဝေးအပြီး မော့ဆီပီက ၂၀၂၇ ခုနှစ်ပြိုင်ပွဲအတွက် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် တန်ဇန်းနီးယား၊ ကင်ညာနဲ့ ယူဂန်ဒါနိုင်ငံတွေရဲ့ပြင်ဆင်မှုအပေါ် အပြည့်အဝယုံကြည်မှုရှိတယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။


၂၀၂၇ ခုနှစ်အာဖရိကဖလားပြိုင်ပွဲက အာဖရိကတိုက်မှာကျင်းပခဲ့ဖူးသမျှ ပြိုင်ပွဲတွေအနက် အထူးခြားဆုံးနဲ့ အကောင်းဆုံးပြိုင်ပွဲဖြစ်လာလိမ့်မယ်ဆိုတာ သံသယမရှိဘဲ သက်ဆိုင်ရာနိုင်ငံတွေရဲ့ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးမှုတွေကို ဒီအောင်မြင်မှုရဲ့အဓိကသော့ချက်တွေဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။


"အာဖရိကဖလားကို ဒီမှာပဲကျင်းပမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် အရှေ့အာဖရိကမှာပဲ ကျင်းပမှာလား၊ ဒါမှမဟုတ် တခြားကို ရွှေ့သွားမှာလားဆိုတဲ့ မေးခွန်းမျိုးကို နောက်ထပ် မကြားချင်တော့ဘူး" လို့ မော့ဆီပီက သတင်းစာရှင်းလင်းပွဲမစခင် တန်ဇန်းနီးယားမီဒီယာတွေဆီ ပြောခဲ့ပါတယ်။

"အရှေ့အာဖရိကမှာ အာဖရိကဖလားပြိုင်ပွဲကျင်းပနိုင်ဖို့ ကျွန်တော်တို့ အများကြီးကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကတိအတိုင်း ဒီမှာပဲ ကျင်းပသွားပါမယ်။ လာမယ့်သီတင်းပတ်တွေမှာ ဒီပြိုင်ပွဲရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သတင်းတွေ အများကြီးထွက်လာနိုင်ပေမဲ့ အဲဒါတွေကို ခေါင်းထဲမထည့်ဘဲ အာရုံစိုက်ထားကြဖို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာပဲ ကျင်းပမယ်ဆိုတာ သေချာလို့ပါပဲ။ အခက်အခဲတွေရှိလာနိုင်တယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ အာဖရိကသားအချင်းချင်းတစ်ဦးကိုတစ်ဦးယုံကြည်ပြီး ကူညီပံ့ပိုးပေးဖို့ပဲ အရေးကြီးပါတယ်။ ကင်ညာ၊ ယူဂန်ဒါနဲ့ တန်ဇန်းနီးယားတို့မှာ ၂၀၂၇ ခုနှစ်အာဖရိကဖလားပြိုင်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်မယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် မော့ဆီပီက "ဒီပြိုင်ပွဲ အောင်မြင်ဖို့အတွက် နိုင်ငံသုံးခုလုံးက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ စိတ်အားထက်သန်မှုအပေါ် ကျွန်တော် တကယ်ပဲဝမ်းသာမိပါတယ်။ တန်ဇန်းနီးယားသမ္မတဆာမီယာဆူလူဟူးနဲ့ ယူဂန်ဒါသမ္မတယိုဝေရီမူဆီဗီနီတို့ကိုလည်း အထူးပဲကျေးဇူးတင်ချင်ပါတယ်။ ကင်ညာသမ္မတရူတိုကိုလည်း ကျေးဇူးတင်ပါတယ်။ သူက ကင်ညာနိုင်ငံ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားတဲ့ ဗီဒီယိုလေးတစ်ခုကို မကြာသေးခင်ကမှ တင်ထားခဲ့တာပါ။ သူတို့ရဲ့ကတိကဝတ်တွေကို CAF အနေနဲ့ လုံးဝအလေးအနက်ထားပါတယ်"လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာဖရိကဖလားလိုအဓိကပြိုင်ပွဲကြီးတွေကို လက်ခံကျင်းပခွင့်နဲ့ ပါဝင်ခွင့်မရဘူးဆိုရင် အရှေ့အာဖရိကဒေသဟာ တခြားဒေသတွေလို အောင်မြင်မှုတွေ ရလာမှာ မဟုတ်ဘူးလို့လည်း မော့ဆီပီက ရှင်းပြခဲ့ပါတယ်။

"၂၀၂၇ ခုနှစ်အာဖရိကဖလားကို ကင်ညာ၊ တန်ဇန်းနီးယားနဲ့ ယူဂန်ဒါနိုင်ငံတွေမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ လာမယ့်နှစ်မှာ ကျွန်တော်တို့ အောင်မြင်ရပါမယ်။ အာဖရိကသားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ လိုပါတယ်။ ဒါဟာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ အရှေ့အာဖရိကမှာ အကောင်းဆုံးအာဖရိကဖလားပြိုင်ပွဲကြီးကို ကျင်းပနိုင်မယ်ဆိုတာကို ကျွန်တော့်ဘက်က ထပ်လောင်းအတည်ပြုဖို့အတွက် ဒီနိုင်ငံလာခဲ့တာပါ" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။

၂၀၂၇ ခုနှစ်မှာကျင်းပမယ့် ကင်ညာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေက အာဖရိကဖလားအပေါ် သက်ရောက်မှု ရှိမလားဆိုတဲ့မေးခွန်းကိုတော့ မော့ဆီပီက "အဲဒီလို မထင်ပါဘူး။ ရွေးကောက်ပွဲမတိုင်ခင်မှာ ပြိုင်ပွဲကို ကျင်းပသွားပါမယ်။ အစီအစဉ်က ဒီအတိုင်းပဲဆိုတာ ကျွန်တော်သိထားလို့ ဘာစိတ်ပူစရာမှ မရှိပါဘူး" လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

မော့ဆီပီက အရှေ့အာဖရိကဒေသကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ တစ်လတာကာလအတွင်း နှစ်ကြိမ်တိတိ ထောက်ခံပေးခဲ့ပါတယ်။ မော်ရိုကိုမှာကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ်အာဖရိကဖလားအစည်းအဝေးတစ်ခုမှာလည်း ဒီနိုင်ငံသုံးခုရဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်အခွင့်အရေးကို ဘယ်နည်းနဲ့မှမဆုံးရှုံးစေရဘူးလို့ သူက ရှင်းရှင်းလင်းလင်းပြောခဲ့ပါသေးတယ်။

"ကျွန်တော့်မှာ အာဖရိကဘောလုံးလောကတိုးတက်အောင် လုပ်ဆောင်ပေးရမယ့် တာဝန်ရှိပါတယ်။ ၂၀၂၇ ခုနှစ် အာဖရိကဖလားပြိုင်ပွဲမှာ ကင်ညာ၊ တန်ဇန်းနီးယားနဲ့ ယူဂန်ဒါနိုင်ငံတွေအတွက် အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးနိုင်သလို သူတို့ရရှိထားတဲ့ အခွင့်အရေးကိုလည်း လက်လွှတ်စေမှာ မဟုတ်ပါဘူး" လို့ မော့ဆီပီက ဆိုပါတယ်။

အခုကျင်းပမယ့်အာဖရိကဖလားက နိုင်ငံသုံးခုအိမ်ရှင်အဖြစ်ပူးတွဲကျင်းပတဲ့ ပထမဆုံးပြိုင်ပွဲဖြစ်သလို ၁၉၇၆ ခုနှစ် အီသီယိုးပီးယားမှာ ကျင်းပခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၅၀ အတွင်း CECAFA ဒေသမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

၂၀၂၇ ခုနှစ်ပြိုင်ပွဲက အာဖရိကဖလားပြိုင်ပွဲရဲ့ နှစ် ၇၀ ပြည့်အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် CAF က အာဖရိကဖလားပြိုင်ပွဲကို ၂၀၂၈ ခုနှစ်မှစလို့ လေးနှစ်တစ်ကြိမ်ပဲ ကျင်းပသွားမယ်လို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကြေညာခဲ့လို့ အခုပြိုင်ပွဲဟာ မဂဏန်းကျတဲ့နှစ်တွေမှာ ကျင်းပတဲ့ နောက်ဆုံးအကြိမ် အာဖရိကဖလားပြိုင်ပွဲလည်း ဖြစ်လာပါလိမ့်မယ်။