
ဟာလန်းနဲ့အတူ ဘာတွေဆွေးနွေးပြောဆိုဖြစ်သလဲဆိုတာ ထုတ်ဖော်လာတဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက အခုဘောလုံးရာသီ၊ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၁၁ ပွဲကစား၊ ၁၈ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ဟာလန်းကို စိတ်ဓါတ်ပိုင်း တက်ကြွကောင်းမွန်နေအောင် ဘယ်လိုထိန်းသိမ်းပြုပြင်နေသလဲဆိုတာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ မနေ့ညပိုင်း၊ Gtech Community ကွင်းမှာ မန်စီးတီးက ဘရန့်ဖို့ဒ်ကို ဟာလန်းရဲ့တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း သွင်းဂိုးတွေအတွက် အာမခံချက်အပြည့်အဝပေးထားတဲ့ ဟာလန်းအတွက် လမ်းညွှန်ချက်ဟာ ဘယ်လိုဖြစ်မလဲဆိုတဲ့ GOAL သတင်းဌာနရဲ့မေးခွန်းတစ်ခုက ပက်ဂွါဒီယိုလာဆီ ရောက်ရှိလာခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ပိုကောင်းအောင်ကစားဖို့နဲ့ ဂိုးတွေသွင်းယူနိုင်ရေးအတွက် သူ့ဆီ ဘောလုံးပေးပို့သွားဖို့ အမြဲတမ်းကြိုးစားသွားရပါမယ်။ ဖိုဒန်ဆိုလည်း အလားတူပါပဲ။ ပထမပိုင်းပွဲချိန်အတွင်းမှာဆိုရင် ပြိုင်ဘက်အသင်းခံစစ်ဇုန်အတွင်း ပြီးပြည့်စုံမှုမရှိတဲ့ဆုံးဖြတ်ချက်နှစ်ခု၊သုံးခုလောက် တွေ့ခဲ့ရပေမဲ့ သူ့ရဲ့ခံယူချက်က အရမ်းကောင်းမွန်ပါတယ်။ မိုနာကိုမှာ ကျွန်တော်တို့ဆွေးနွေးခဲ့ပြီးနောက် ခံစစ်ပိုင်းအတွက်ဆိုရင်တောင် တကယ်ကိုကောင်းမွန်လာပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်း ရှိသင့်ရှိထိုက်တဲ့နေရာမှာရှိခဲ့လားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့က အရာရာတိုင်းနဲ့ ခပ်ဝေးဝေးမှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အခုက ပရီးမီးယားလိဂ်ပွဲစဉ်ခုနစ်ခုပဲ ကစားရသေးတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ ကျွန်တော့်ရဲ့အတွေ့အကြုံအရဆိုရင် ဒါက ဘယ်တော့မှအဆုံးမသတ်ပါဘူး။ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့သုံးပတ်လောက်အထိ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲက ပေါ်လွင်ထင်ရှားခဲ့ပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီခရီးလမ်းကြီးက အလွန်ရှည်လျားပါတယ်။ အရေးအကြီးဆုံးကတော့ အသင်းရဲ့ကစားပုံ ပိုကောင်းနေစေဖို့ပါပဲ။ လီဗာပူးက အာဆင်နယ်၊ ချဲလ်ဆီး၊ တော့တင်ဟမ်တို့လိုပဲ အသိအမှတ်ပြုစရာအသင်းတစ်ခု ဖြစ်ပါတယ်။ ဘုန်းမောက်လည်းရှိနေသလို ဘရိုက်တန်လည်း အလားတူပါပဲ။ သူတို့တွေက အသင်းကောင်းတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးခွန်းက ပိုကောင်းသထက်ကောင်းလာအောင် ဘယ်လိုလုပ်သွားမလဲဆိုတာပါပဲ။ နိုင်ပွဲတွေဆိုတာ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်တဲ့နေရာမှာ အကူအညီဖြစ်စေပေမဲ့ ကျွန်တော်တို့အသင်းကစားပုံ၊ ကျွန်တော်တို့အသင်းခုခံကာကွယ်ပုံ၊ အဆုံးမှာ ကျွန်တော်တို့ကို အကူအညီဖြစ်စေမယ့် အရာတွေကို လုပ်ဆောင်သွားရမယ့်ပုံစံတွေက ပြီးခဲ့တဲ့ဘောလုံးရာသီမှလွဲ၍ အမြဲတမ်းလုပ်ဆောင်ခဲ့တဲ့အရာနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားသွားရမယ်ဆိုတာပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ပက်ဂွါဒီယိုလာက ဟာလန်းကို သွင်းဂိုးအရေအတွက် သန်း ၅၀ လောက်သွင်းယူနိုင်ရုံသာမက ဘက်စုံသုံးတိုက်စစ်မှူးတစ်ဦးဖြစ်လာဖို့ ဆက်လက်ဖန်တီးလိုတဲ့ ဆန္ဒတစ်ခုအကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။
စပိန်သားနည်းပြက “ လွန်ခဲ့တဲ့တစ်လလောက်တုန်းက ကျွန်တော်ကိုယ်တိုင်ပြောခဲ့တဲ့အရာတစ်ခု ရှိပါတယ်။ ဟာလန်းသာ အကောင်းဆုံးဖြစ်နေရင် ကျွန်တော်တို့တွေ ဆုဖလားသုံးလုံးအောင်ပွဲ ရရှိတယ်ဆိုတာပါပဲ။ အဲ့ဒီတုန်းက သူ ဂိုးတွေ ဘယ်လောက်အထိသွင်းယူခဲ့သလဲဆိုတာ ကျွန်တော် မသိပါဘူး။ သန်း ၅၀ လောက်အထိ သွင်းခဲ့တယ်ထင်ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ နှစ်ကာလအကြာကြီးသက်တမ်းရှိနေမယ့် စာချုပ်တစ်ခုကို သူပိုင်ဆိုင်ထားပါပြီ။ ကျွန်တော်တို့လည်း သူ့ဆီမှ ပိုလိုချင်သလို သူကိုယ်တိုင်လည်း အဆုံးသတ်ဂိုးသွင်းယူရုံသာမက ပွဲအတွင်းမှာပါ ပိုမိုပါဝင်ပတ်သက်ရပါမယ်။ သူ့ရဲ့အလုပ်အပေါ်ထားတဲ့ကျင့်ဝတ်နဲ့ ဖိအားပေးကစားပုံတွေကို အလွန်ကျေနပ်မိပါတယ်။ အခုသီတင်းပတ်၊ နော်ဝေးမှာ ဟာလန်း ဂိုးတွေပိုသွင်းယူနိုင်ဖို့နဲ့ အဲဗာတန်ကိုရင်ဆိုင်ရမဲ့ပွဲစဉ်အမီ ကြံ့ခိုင်မှုပြန်ပြည့်ဝလာဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
ဟာလန်းက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကိုးဂိုးအထိ သွင်းယူထားနိုင်ပြီး အနီးစပ်ဆုံးပြိုင်ဘက် ဘုန်းမောက်တိုက်စစ်မှူးဆီမန်ညိုထက် သုံးဂိုးပိုများအောင် စွမ်းဆောင်ထားနိုင်ပါတယ်။
လတ်တလောမှာ မန်စီးတီးတိုက်စစ်မှူးက အောက်တိုဘာနိုင်ငံတကာသီတင်းပတ်အတွက် နော်ဝေးအသင်းနဲ့ ပူးပေါင်းထားပြီး အစ္စရေးနဲ့ရင်ဆိုင်ရမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပါဝင်ကစားဖို့ ပြင်ဆင်သွားပါလိမ့်မယ်။