The network connection is lost.

Banner Image

လီဗာပူးအသင်းရဲ့ ကြားရက်ချန်ပီယံလိဂ်နိုင်ပွဲကို ဝေဖန်ခဲ့တဲ့ အန်းစလော့ရဲ့ဖခင်

အန်းစလော့ရဲ့ဖခင်ဖြစ်သူက လိုင်လီကို အနိုင်ရရှိခဲ့တဲ့ လီဗာပူးအသင်းရဲ့ချန်ပီယံလိဂ်ပွဲစဉ်ကို သိပ်သဘောမကျခဲ့ပါဘူး။
လီဗာပူးအသင်းနည်းပြက ခံစစ်အားပြုကစားတဲ့ပြိုင်ဘက်ကို ချေမှုန်းနိုင်ဖို့ ကြိုးစားရာမှာ ဘယ်လောက်အထိခက်ခဲသလဲဆိုတာကိုဆွေးနွေးချိန် အခုအကြောင်းအရာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အန်းစလော့က “ စိတ်ရှည်ပေးဖို့ဆိုတာ ပရိသတ်တွေအတွက် ခက်ခဲပါတယ်။ အဲ့ဒီလိုမျိုးပရိသတ်ထဲမှာ ကျွန်တော့်ရဲ့အဖေလည်း ပါဝင်ပါတယ်။ လိုင်လီနဲ့ပွဲစဉ်အပြီး ကျွန်တော် သူ့ဆီ ဖုန်းခေါ်ချိန် သူက လီဗာပူးအသင်းရဲ့အခြားပွဲစဉ်တွေလောက် အခုပွဲစဉ်က စိတ်လှုပ်ရှားစရာမကောင်းခဲ့ဘူးလို့ ပြောပါတယ်။
နောက်ပိုင်းမှာတော့ သူ့ကို ကျွန်တော်က အခုလိုပွဲစဉ်မျိုးမှာ ဇွတ်အတင်းတိုက်စစ်ဖွင့်ကစားရင် အလွယ်တကူရှုံးနိမ့်သွားနိုင်တယ်ဆိုတာ ရှင်းပြပေးရပါဦးမယ်။ ဒါပေမယ့် သူက ကျွန်တော်နဲ့ အမြဲတမ်း စိတ်သဘောထားချင်း ထပ်တူကျနေတာမျိုး မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ဆက်လက်ပြီး အသင်းဟောင်းဖြစ်တဲ့ဖီယင်နုကို ဘိုင်ယန်မြူးနစ်တို့ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂျာမန်ဘီလူးကြီးရဲ့ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိပုံ၊ ဂိုးပေါက်ကန်သွင်းမှုနဲ့ အခြားအချက်အလက်တွေကို အန်းစလော့က ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် လိုင်လီနဲ့ပွဲစဉ်မှာ ကွင်းလယ်စက်ဝိုင်းအနီး ကာတစ်ဂျုံးစ်ရဲ့စွန့်စားမှုဆန်ဆန် ဘောလုံးကစားပုံကြောင့် ပြင်သစ်ကလပ်အသင်းဘောလုံးပိုင်ဆိုင်မှုပြန်လည်ရရှိပြီး တန်ပြန်တိုက်စစ်စတင်ချိန် ဂိုးသွင်းယူနိုင်မယ့် အခွင့်အလမ်းတစ်ခုဆီ ပြောင်းလဲသွားတယ်လို့ အန်းစလော့က ထောက်ပြခဲ့ပါတယ်။
သူက “ဒါကြောင့် ခံစစ်ပိတ်ကစားတဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် အန္တရာယ်တွေအကြား စွန့်စားကစားရတာမျိုးလည်း ရှိပါတယ်။ အခုလိုခံစစ်အားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ပြိုင်ဘက်ကို ထိုးနှက်တဲ့နေရာမှာ နော်တင်ဟမ်ဖောရက်စ်က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ရဲ့အဖေက အခုလိုမျိုးစွန့်စွန့်စားစားနဲ့ ဘောလုံးပေးပို့ကစားတာမျိုးကို ကြိုက်ပါတယ်။ ဒါပေမယ့် အခွင့်အရေးဖန်တီးနိုင်မှုနဲ့အတူ ဘောလုံးပျက်သွားရင်ဆိုတဲ့ အန္တရာယ်လည်း ရှိနေပါတယ်”လို့ ပြောပါတယ်။
အစ်ဆွစ်က ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ မန်စီးတီးကို ခြောက်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ မက်ကင်နာရဲ့အသင်းက တန်းဆင်းဇုန်အတွင်း အဆင့်-၁၈ နေရာနဲ့ အခုညပိုင်းမှာ အန်ဖီးလ်ဆီ ရောက်ရှိလာပါလိမ့်မယ်။
လီဗာပူးအသင်းကလည်း ယာဂန်ကလော့ပ်နေရာဆက်ခံတဲ့ အန်းစလော့နဲ့အတူ အိပ်မက်ဆန်ဆန်ဘောလုံးရာသီတစ်ခုကို ဖန်တီးနိုင်ဖို့ လမ်းခုလတ်ဆီ ရောက်ရှိနေပါပြီ။
အန်းစလော့ရဲ့အသင်းက ပရီးမီးယားလိဂ်မှာရော၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အမှတ်ပေးဇယားတွေကို ဦးဆောင်ထားပြီး အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်နေပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ ဂိုးတွေမြိုင်မြိုင်ဆိုင်ဆိုင်သွင်းတဲ့ စနေညပိုင်းပွဲစဉ်ကို မမျှော်လင့်သင့်ပါဘူး။
အန်းစလော့က “ဒါဟာ ကျွန်တော်တို့ရှာဖွေသွားရမယ့် ဟန်ချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အသင်း အနိုင်ရရှိတာကို မြင်တွေ့ရဖို့ ကွင်းတွင်းအထိ အရောက်လာတဲ့ ပရိသတ်တွေအတွက်လည်း အခက်အခဲရှိမယ့် အခိုက်အတန့်အချို့ဆိုတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဂိုးတွေအများကြီးသွင်းယူပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ခု ဖြစ်လာဖို့လည်း မျှော်လင့်ထားတာပေါ့။
ဒါပေမယ့် အဲ့ဒီလိုဖြစ်လာဖို့အတွက် အသင်းနှစ်ခု လိုအပ်ပါတယ်။  အန်ဖီးလ်ဆီရောက်ရှိလာတဲ့အသင်းတိုင်း တိုက်စစ်ဖွင့်ကစားမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲစဉ်တစ်ခု ဖန်တီးဖို့ အကောင်းဆုံးပါပဲ”လို့ ပြောပါတယ်။