The network connection is lost.

Banner Image

တံကောက်ကြောဒဏ်ရာရရှိသွားပြန်တာကြောင့် လက်စတာနဲ့ပွဲကို လွဲချော်သွားမယ့် ရီစီဂျိမ်းစ်

 ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်ဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် လာမယ့်စနေနေ့ လက်စတာနဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်သွားမယ်လို့ အသင်းနည်းပြ အန်ဇိုမာရက်စ်ကာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောကြားလာခဲ့ပါတယ်။

နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီအချို့မှာကတည်းက ဒဏ်ရာပြဿနာကြောင့် မကြာခဏဆိုသလို အနားယူနေခဲ့ရသူဖြစ်ပြီး ကြွက်သားဒဏ်ရာကြောင့် ၅ လကြာအနားယူပြီးနောက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလက  လီဗာပူးကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင်ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာ မာရက်စ်ကာက “ကျွန်တော်တို့မှာ ဒဏ်ရာရနေတဲ့ ကစားသမားတစ်ယောက်ပဲရှိပါတယ်။ အဲဒါ ရီစီဂျိမ်းစ်ပါ။ ဒဏ်ရာပြဿနာက သေးငယ်ပေမယ့် ကျွန်တော်တို့ စွန့်စားမှုမပြုလုပ်ချင်လို့ သူ့ကို ဒီပွဲမှာ မကစားခိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဒဏ်ရာအသေးစိတ်အခြေအနေကို မေးမြန်းခဲ့ရာ အီတလီသားက “တံကောက်ကြောဒဏ်ရာပါ။ ကြွက်သားပြဿနာပေါ့။ သေးငယ်တဲ့ဒဏ်ရာမို့လို့ အချိန်အကြာကြီး အနားယူစရာတော့မလိုပါဘူး” လို့ဖြေကြားခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းခေါင်းဆောင်ရာထူးကို ရယူထားပေမယ့် ရီစီဂျိမ်းစ်ဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းအတွင် စုစုပေါင်း ၄၈၂ မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ယခုရာသီမတိုင်မီ အမေရိကန်ကို ခရီးထွက်ခွာခဲ့တဲ့ ရာသီကြိုခရီးစဉ်မျာလည်း ကစားသမားဟာ ဒဏ်ရာရခဲ့ပြီး ကာလရှည်အနားယူနေခဲ့ရတာြဖစ်ပါတယ်။ 

လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားနိုင်ခဲ့တဲ့ အသက်-၂၄ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးရဲ့ နောက်ထပ်ပွဲစဉ်တွေဖြစ်တဲ့ နယူးကာဆယ်၊မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ ပွဲစဉ်မှာပါ ဆက်တိုက်ပါဝင်ကစားနိုင်ခဲ့ပါတယ်။ 

ယခုလိုသူ့ရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီးတော့ ဂျိမ်းစ်က “ကျွန်တော်အခုပြောမှာက ကျွန်တော်ဖြတ်သန်းနေရတဲ့ အခြေအနေကို နားလည်ပြီး အားပေးကြတဲ့ ပရိသတ်တွေအတွက်ပါ။ သူတို့ရဲ့အားပေးမှုက ကျွန်တော့်အတွက်တော့ စိတ်ကူးယဉ်နိုင်တာထက် ပိုပြီးတော့ အားရှိစေပါတယ်။ ကျွန်တော် အခြေအနေကောင်းပါတယ်။ ပိုကောင်းလိုက်၊ ပိုဆိုးလိုက်ပဲပေါ့။ ဒါက ကျွန်တော့်အတွက်တော့ နောက်ထပ်စိန်ခေါ်မှုတစ်ခုပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

အသင်းဟောင်း လက်စတာနဲ့ ပြန်လည်ရင်ဆိုင်သွားရမယ့် မာရက်စ်ကာက “ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ လက်စတာနဲ့အတူ အရမ်းကောင်းတဲ့ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့လို့ ကျေးဇူးလည်းတင်ပါတယ်။ လက်စတာရဲ့ အသင်းပိုင်ရှင်နဲ့ သူ့ရဲ့မိသားစုက တကယ်ကောင်းတဲ့လူတွေပါ။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအပေါ်အရမ်းဂရုစိုက်ကြပါတယ်။ 

လက်စတာမှာ လူကောင်းတွေနဲ့ပဲတွေ့ခဲ့ရလို့ ရာသီကောင်းတစ်ခုကိုဖြတ်သန်းနိုင်ခဲ့ပါတယ်။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကြားက ဆက်သွယ်မှုကလည်း ရင်းရင်းနှီးနှီးပါပဲ။ ကျွန်တော် သူတို့နဲ့ အဆက်အသွယ်ရှိနေတုန်းပါ” လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်ထားနိုင်ပေမယ့် လက်စတာကတော့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။