ရှေ့သို့
Image

ရီးရဲလ်နဲ့ ဘိုင်ယန်တို့ရဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကို ခန့်မှန်းလိုက်တဲ့ ရီယိုဖာဒီနန်

11:03 AM, 8 May

ယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ရီးရဲလ်နဲ့ ဘိုင်ယန်တို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အကြောင်း ခန့်မှန်းလိုက်ပါတယ်။ မက်ဒရစ် ဒါမှမဟုတ် ဘိုင်ယန်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဒေါ့မွန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒေါ့မွန်က ပီအက်စ်ဂျီကို ကျော်ဖြတ်ကာ ဖိုင်နယ်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။

ဘိုင်ယန်နဲ့ ရီးရဲလ်တို့ဟာ ပထမအကျော့တုန်းက ၂-၂ သရေကျထားခဲ့တာဖြစ်ပြီး ဖာဒီနန်က ဘယ်အသင်းဖိုင်နယ်တက်မလဲဆိုတာ သူသိနေတယ်လို့ ဆိုပါတယ်။ “ဂိုးတွေအများကြီးမြင်ရပါလိမ့်မယ်။ ၂ သင်းစလုံးမှာ ဒုက္ခပေးနိုင်တဲ့ကစားသမားတွေ ရှိနေပါတယ်။ ဒီနေ့ညမှာ ကျွန်တော် တစ်ခုမှားခဲ့ပါတယ်။ ကျွန်တော် ပီအက်စ်ဂျီကို သဘောကျခဲ့ပေမယ့် ဒေါ့မွန်ပဲ တက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်နောက်တစ်သင်း ရွေးရရင် ရီးရဲလ်ပဲ ဖိုင်နယ်တက်လိမ့်မယ်လို့ ထင်ပါတယ်။ ၂ သင်းစလုံးမှာ အခွင့်အရေးရှိနေပါတယ်။ ဒေါ့မွန်ကို မလေးစားတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအသင်းတွေက ဖိုင်နယ်ကို တက်ရောက်နိုင်မှာပါ”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီရဲ့အသင်းဟာ အခုအပတ်မှာ လာလီဂါချန်ပီယံဆုရရှိမှာဖြစ်ပေမယ့် အောင်ပွဲမခံပဲ ချန်ပီယံလိဂ်ဖိုင်နယ်တက်ရောက်ရေးကိုသာ အာရုံစိုက်ဖို့ ပြင်ဆင်ထားပါတယ်။ “အောင်ပွဲခံဖို့မလုပ်သေးပါဘူး။ အရေးပါတဲ့ပွဲတစ်ပွဲရှိနေပါတယ်။ အခုအပတ်မှာ အောင်ပွဲခံဖို့အချိန်ရှိမှာပါ။ ကျွန်တော်တို့ ဒါကြောင့် အောင်ပွဲမခံဖို့ဆုံးဖြတ်ခဲ့တာပါ။ နှစ်ကောင်းတစ်နှစ်ရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်အတွက် စိတ်လှုပ်ရှားနေပါပြီ။ ဆုဖလားရယူနိုင်ဖို့ ၂ ပွဲပဲလိုပါတယ်။ အဝတ်လဲခန်းထဲကလူတိုင်း အဲ့တာကို သိပါတယ်။ ၁၅ ကြိမ်မြောက် ဥရောပဆုဖလားအတွက် အိပ်မက်မက်နေကြပါပြီ”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီက မိမိတို့အသင်းဟာ ဘိုင်ယန်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

“ရီးရဲလ်အသင်းကြောင့် ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်တို့မှာ ဒီလိုလုပ်နိုင်တဲ့အသင်းရှိပါတယ်။ ပရိသတ်တွေကလည်း ကူညီလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ၂ သင်းစလုံးက တူညီတဲ့အသင်းတွေဖြစ်သလို ချန်ပီယံလိဂ်မှာလည်း သမိုင်းအစဉ်အလာရှိကြပါတယ်။ သူတို့ကို ကျွန်တော်တို့လေးစားမှုရှိပါတယ်။ ပထမအကျော့တုန်းက သူတို့ ကျွန်တော်တို့ထက်ပိုကောင်းခဲ့တာပါ”လို့ အီတလီသားနည်းပြက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်