ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ် ဘယ်အသင်းချန်ပီယံလိဂ်ဖိုင်နယ်တက်မလဲ ခန့်မှန်းလိုက်တဲ့ ဇီဒန်း

3:53 PM, 6 May

ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးဆီ တက်ရောက်သွားနိုင်ဖို့ ရီးရဲလ်မက်ဒရစ်ကို ဇီဒန်းက တိုက်တွန်းအားပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်၊ အလိုင်းယန့်အရီနာ ကွင်းကြီးမှာ တဖက်နှစ်ဂိုးစီ သရေကျပြီးနောက် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ဒုတိယအကျော့ပွဲစဉ်က လာမယ့်ဗုဒ္ဓဟူးနေ့ ညနက်ပိုင်းမှာ အသင့်စောင့်ဆိုင်းနေပါပြီ။

ပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်အိမ်ကွင်းပွဲစဉ်တွေမှာ မရှုံးနိမ့်ခဲ့ဖူးတဲ့ အန်ဆယ်လော့တီရဲ့အသင်းက ဒေါ့မွန်(သို့မဟုတ်)ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းနိုင်ဖို့ ရေပန်းစားနေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ်ဆုဖလားကြီးကို ကစားသမားဘဝမှာ တစ်ကြိမ်၊ နည်းပြဘဝမှာ သုံးကြိမ်အထိ ဆွတ်ခူးထားနိုင်တဲ့ ဇီဒန်းက အသင်းဟောင်းအနေဖြင့် ဘိုင်ယန်မြူးနစ်ကို အနိုင်ယူကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မီယာမီဂရင်းပရီပြိုင်ပွဲဆီ ရောက်ရှိနေတဲ့ ဇီဒန်းက “ ကျွန်တော်ကတော့ ရီးရဲလ်မက်ဒရစ်အနိုင်ရရှိဖို့ပဲ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်က ခက်ခဲရှုပ်ထွေးတဲ့ပွဲစဉ် ဖြစ်လာပါဦးမယ်”လို့ Sky Germany သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

ဇီဒန်းက ၂၀၂၁ ခုနှစ်၊ မေလအတွင်း ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာလာပြီးနောက် နည်းပြဘဝနဲ့ ကင်းကွာနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာတော့ သူ့အတွက် ဘိုင်ယန်မြူးနစ်ဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရရှိခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဘက်ကလည်း လက်ရှိနည်းပြ တူချယ်နဲ့ ရာသီကုန်မှာ လမ်းခွဲဖို့ ရှိနေပေမယ့် အလွန်ဆို၊ နာဂယ်စ်မန်းနဲ့ ရန်းနစ်ခ်တို့ရဲ့ ငြင်းပယ်မှုတွေကြောင့် နည်းပြသစ်ရှာပုံတော်ခရီးမှာ ဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အနာဂတ်မှာ ဘိုင်ယန်မြူးနစ်ကို တာဝန်ယူကိုင်တွယ်သွားဖို့ရှိသလားဆိုတဲ့ မေးခွန်းကို ဇီဒန်းက ပြုံးလျက် “ကျွန်တော် ဘောလုံးပွဲပဲ ကြည့်ဖြစ်နေပါလိမ့်မယ်၊ ကျေးဇူးတင်ပါတယ်”လို့ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ဇီဒန်း