ရှေ့သို့
Image

ဒီလူဘာပြောပြော ကျွန်တော်ဂရုမစိုက်ဘူးလို့ ရွိုင်ကိန်းရဲ့ ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ ဟာလန်း

5:28 PM, 5 May

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက ယမန်နေ့ညက ဝုဗ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စူပါဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ပွဲအပြီးမှာတော့ ရွိုင်ကိန်းရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘူးလို့ ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ 

ရွိုင်ကိန်းက မန်စီးတီးနဲ့ အာဆင်နယ်တို့ ၀-၀ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဟာလန်းကို ဒုတိတန်းကလပ်အဆင့် ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ဝေဖန်ခဲ့တာဖြစ်ပြီး အဆိုပါပွဲစဉ်ဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာလနောက်ပိုင်း မန်စီးတီးအတွက် ပထမဆုံးအကြိမ် အီတီဟတ်မှာ ဂိုးသွင်းဖို့ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း ယခုအခါမှာတော့ ဝုဗ်ကိုဂိုးပြတ်နိုင်ခဲ့တဲ့ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ တစ်ပွဲလျော့အနေအထားနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ထက် ရမှတ် ၁ မှတ်သာလျော့နည်းတဲ့အခြေအနေကို ပုံဖော်ထားနိုင်ပြီးဆုဖလားအတွက် အခြေအနေကောင်းလာခဲ့ပါတယ်။ 

ဒါ့အပြင် အသက်-၂၃ နှစ်အရွယ်တိုက်စစ်မှူး ဟာလန်းကလည်း ဂိုးပေါက်ပြန်လည်ရှာတွေ့နေပြီး ၄ ဂိုးအထိသွင်းယူကာ ယခုပွဲစဉ်မှာ အထူးခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ရွိုင်ကိန်းရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ နော်ဝေလက်ရွေးစင်ကစားသမားက “ဒီလူပြောတာတွေ ကျွန်တော်ဘာကိုမှ ဂရုမစိုက်ပါဘူး။ ဒါကြောင့် အားလုံးအဆင်ပြေပါတယ်” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

ရွိုင်ကိန်းနဲ့ ဟာလန်းတို့မိသားစုဟာ သမိုင်းကြောင်းရှိခဲ့ဖူးပြီး ၂၀၀၁ ခုနှစ် မန်ချက်စတာဒါဘီမှာ ကိန်းက ဟာလန်းရဲ့ဖခင်ဖြစ်သူကို ဘောလုံးသမားဘဝကနေ အနားယူရလောက်စေတဲ့အထိ ပြစ်ဒဏ်ကျူးလွန်ခဲ့ဖူးတာဖြစ်ပါတယ်။ 

ယခုလို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆၃ ပွဲအတွင်းမှာ ၆ ကြိမ်မြောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ ရွှေဖိနပ်ဆုအတွက် အခြေအနေကောင်းတစ်ရပ်ကိုပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ ယခုအခါမှာတော့ နော်ဝေသားဟာ လိဂ်သွင်းဂိုး ၂၅ ဂိုးသွင်းယူထားတာကြောင့် ဒုတိယနဲ့ တတိယနေရာက အီဆက်နဲ့ ပယ်မာတို့ထက် ၅ ဂိုးအထိသာလွန်နေတာဖြစ်ပါတယ်။ 

#မန်စီးတီး #ဟာလန်း #ရွိုင်ကိန်း