ရှေ့သို့
Image

၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ ပူးပေါင်းလျှောက်ထားဖွယ်ရှိတဲ့ သြစတြေးလျ

10:40 AM, 12 October

၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့နဲ့အတူ သြစတြေးလျက ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားဖို့ စိတ်ဝင်စားနေပါတယ်။

၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး၊ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုနိုင်ငံတို့မှာ ကျင်းပသွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က တရားဝင်ကြေညာခဲ့ပြီးနောက် ဆော်ဒီနိုင်ငံက နောက်လေးနှစ်အကြာပြိုင်ပွဲကြီးကို လက်ခံကျင်းပဖို့ ထိပ်ဆုံးမှ ရေပန်းစားလာခဲ့ပါတယ်။

၂၀၃၄ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားမှုဖော်ပြလွှာတွေကို အောက်တိုဘာ ၃၁ ရက် မတိုင်ခင် ဖီဖာဆီ ပေးပို့သွားဖို့ သတ်မှတ်ထားပြီး ဆော်ဒီရဲ့ကြိုးပမ်းမှုတွေကို ဘန်ဇီးမား၊ စတီဗင်ဂျရတ်နဲ့ မာရက်ဇ်တို့လို ပုံရိပ်ကြီးမားတဲ့ ဘောလုံးလောကသားတွေက ထောက်ခံအားပေးထားပါတယ်။ ဒါပေမယ့် ဆော်ဒီကို ယှဉ်ပြိုင်ဖို့ နောက်ထပ်ပူးတွဲလျှောက်ထားမှုတစ်ခုလည်း ပေါ်ပေါက်လာနိုင်ပါတယ်။

အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဘီလျံနာသူဋ္ဌေးကြီးအဲရစ်သိုဟာရဲ့အဆိုအရ သူ့ရဲ့ဘောလုံးအဖွဲ့ချုပ်ဟာ ဂုဏ်သိက္ခာကြီးမားလှတဲ့ ပြိုင်ပွဲကြီးကို သူတို့ရဲ့ဒေသတွင်းမှာ ကျင်းပခွင့်ရရှိဖို့ သြစတြေးလျဘောလုံးအဖွဲ့ချုပ်နဲ့အတူ ဆွေးနွေးမှုတွေ ရှိထားတယ်လို့ သိရပါတယ်။ ဒီဆွေးနွေးမှုတွေဆီ မလေးရှား၊ စင်ကာပူနိုင်ငံတွေကလည်း ပူးပေါင်းလာဖွယ်ရှိတယ်လို့ သိုဟာက ဆက်ပြောခဲ့ပါတယ်။

လာမယ့်နှစ်၊ အင်ဒိုနီးရှားရွေးကောက်ပွဲမှာ ဒုတိယသမ္မတလောင်းဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဝါရင့်အစိုးရဝန်ကြီး သိုဟာက “ကျွန်တော်တို့ သြစတြေးလျနဲ့အတူ ဆွေးနွေးနေပါတယ်။ ကျွန်တော် မလေးရှားနဲ့ စင်ကာပူဆီ ရောက်ရှိသွားချိန်မှာလည်း နှစ်နိုင်ငံလုံးက အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့ရဲ့ ဆွေးနွေးမှုဆီ ဝင်ရောက်ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုတာ ဖော်ပြလာခဲ့ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

သိုဟာက အီတလီစီးရီးအေ ထိပ်သီး အင်တာမီလန်နဲ့ အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်တို့ကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သြစတြေးလျက အိမ်ရှင်အဖြစ် လျှောက်ထားခဲ့ပေမယ့် ကာတာနိုင်ငံကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ တစ်ဦးတည်းအိမ်ရှင်လျှောက်ထားမှုက ဒေါ်လာ ၄၆ သန်းအထိ ကုန်ကျစရိတ် ရှိပါတယ်။

သြစတြေးလျရဲ့စိတ်ဝင်စားမှုနဲ့ ပတ်သက်လို့ သိုဟာက“သူတို့ကလည်း ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့ အလုပ်တွဲလုပ်ဖို့ သြစတြေးလျအစိုးရအနေဖြင့် ဘယ်လောက်အထိ အလေးအနက်ထားမလဲဆိုတာ ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်”လို့ ပြောပါတယ်။

သြစတြေးလျအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက “သြစတြေးလျအစိုးရအနေဖြင့် အဓိကအားကစားပြိုင်ပွဲကြီးတွေအတွက် အဆိုပြုလာမှုအားလုံးအပေါ် လေးလေးနက်နက် ထည့်သွင်းစဉ်းစားပါတယ်။ အစိုးရအနေဖြင့် ဘယ်လောက်အထိ ပံ့ပိုးကူညီပေးရမလဲဆိုတာရယ်၊ ရရှိလာမယ့် လူမှုစီးပွားအကျိုးမြတ်တွေရယ်၊ အားကစားမှတဆင့် သြစတြေးလျနိုင်ငံသားအားလုံးအတွက် ဘယ်လောက်အထိ အကျိုးရှိစေမလဲဆိုတဲ့ အချက်အလက်တွေကို ချင့်ချိန်သုံးသပ်ပါတယ်”လို့ ဆိုပါတယ်။

#သြစတြေးလျ #ကမ္ဘာ့ဖလား