ရှေ့သို့
Image

ဂျီးဆပ်အတွက် ကမ်းလှမ်းမှုများကို နားထောင်သွားမယ်ဆိုတဲ့သတင်းတွေက မဟုတ်မမှန်ကြောင်း အခိုင်အမာဆိုလာတဲ့ အာတီတာ

1:59 PM, 4 May

အာဆင်နယ်နည်းပြအာတီတာက နွေရာသီအပြောင်းအရွှေ့မှာ အသင်းဟာ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မမှန်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ မန်စီးတီးကနေ ပေါင် ၄၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဂျီးဆပ်ဟာ အာဆင်နယ်မှာ သူ့ရဲ့ဒုတိယမြောက်ရာသီကိုဖြတ်သန်းနေပြီး ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏကြုံတွေ့နေရတာကြောင့် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒီရာသီမှာ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ ပွဲသာပါဝင်ကစားနိုင်ပြီး ၄ ဂိုးသာသွင်းယူထားနိုင်တာကြောင့် ရာသီကုန်မှာ အသင်းကနေထွက်ခွာနိုင်ချေရှိတယ်လို့ ယူဆခံထားရပါတယ်။

ဂျီးဆပ်ဟာသူ့ရဲ့ပုံမှန်နေရာကို ခြေစွမ်းပြသထားနိုင်တဲ့ ကိုင်ဟားဗက်ဇ်ထံ ဆုံးရှုံးထားပြီး အာဆင်နယ်ကလည်း ရာသီကုန်မှာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ နည်းပြအာတီတာက အသင်းဟာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ ပစ်မှတ်ထားနေသော်လည်း အသက်-၂၇ နှစ်အရွယ် ကစားသမားကို အသင်းကနေရောင်းချသွားမယ်ဆိုတာကတော့ မဟုတ်မမှန်ကြောင်း ပြောကြားခဲ့ပါတယ်။

သောကြာနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဂျီးဆပ်ရဲ့အပြောင်းအရွှေ့သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ အာတီတာက “ဒီသတင်းတွေ ဘယ်ကထွက်လာလဲတော့ ကျွန်တော်မသိပါဘူး။ ဒါတွေက ကောလဟာလတွေပါ” လို့ပြောကြားခဲ့ပါတယ်။ အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး ဂျီးဆပ်ကိုမေးမြန်းရာမှာလည်း ကစားသမားက “ဒီမေးခွန်းက ကျွန်တော့်အတွက်မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်က အလုပ်ကြိုးစားဖို့၊ ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့နဲ့ အာဆင်နယ်ကို အနိုင်ရအောင်ကူညီပေးဖို့ပါပဲ။ ဒီလိုသတင်းတွေက အာဆင်နယ်မှမဟုတ်ပါဘူး။ အသင်းတိုင်းလိုလိုမှာ ထွက်နေကျပါ” လို့ပြောကြားခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ အာဆင်နယ်က ဘုန်းမောက်နဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဆုဖလားအတွက် အဓိကပြိုင်ဘက်ဖြစ်နေတဲ့ မန်စီးတီးကတော့ ဝုဗ်နဲ့ကစားသွားရမှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ဂျီးဆပ် #ပရီးမီးယားလိဂ်