ရှေ့သို့
Image

မန်စီးတီးသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားစာရင်းမှာ ဖိုဒန်ပါဝင်လိမ့်မယ်လို့ ထောက်ခံပြောကြားလိုက်တဲ့ ဂွါဒီယိုလာ

1:42 PM, 4 May

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းရဲ့ကွင်းလယ်လူ ဖီးလ်ဖိုဒန်ဟာ ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားများစာရင်းမှာ တစ်ဦးအပါအဝင်ဖြစ်လာနိုင်တယ်လို့ ထောက်ခံပြောကြားလာခဲ့ပါတယ်။

လက်ရှိရာသီမှာ ဖိုဒန်ဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အထူးချွန်ဆုံး ရာသီတစ်ခုကို ပုံဖော်ထားနိုင်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးအပြင် ပြိုင်ပွဲစုံမှာ ၂၄ ဂိုးအထိ သွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အသက်-၂၃ နှစ်သာရှိသေးပြီး အဓိကဆုဖလား ၁၄ လုံးအထိ ဆွတ်ခူးထားနိုင်တာကြောင့် ဂွါဒီယိုလာက ကွင်းလယ်လူဟာ ကိုလင်ဘဲလ်၊ မိုက်ခ်ဆမ်မာဘီး၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ဆာဂျီယိုအဂူရိုတို့လို ကလပ်ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်လာနိုင်တယ်လို့ ချီးကျူးပြောဆိုလာခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “ဒီကလပ်မှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိပြီး ကစားသမားကောင်းတွေလည်း အများအပြား ပေါ်ထွက်ခဲ့ဖူးပါတယ်။ ကလပ်ကို အခုလိုအောင်မြင်အောင်ထိန်းသိမ်းထားနိုင်တာကလည်း ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ တည်ဆောက်ထားလို့ပါ။ ဖိုဒန်ကလည်း ဒီကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး သူ့အနေနဲ့ ဒီအဆင့်မှာ အဆုံးထိဆက်ပြီး ကစားသွားနိုင်မယ်ဆိုရင်တော့ ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်မှာသေချာပါတယ်။ ဒီလိုဖြစ်လာဖို့ဆိုတာ သူကစားသမားဘဝကနေ အနားယူမှမဟုတ်ပါဘူး။ သူကငယ်သေးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလပ်ဂန္ထဝင်ဖြစ်လာနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဖိုဒန်ဟာ နေမကောင်းဖြစ်နေတာကြောင့် ပြီးခဲ့တဲ့အပတ်က နော်တင်ဟမ်ဖောရက်စ်ကို ၀-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိသော်လည်း ယခုအခါမှာတော့ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာပြီး စနေနေ့မှာကစားမယ့် ဝုဗ်နဲ့ပွဲစဉ်မှာ ပါဝင်လာဖို့ရှိနေပါတယ်။ ဖိုဒန်အပြင် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဒဏ်ရာရရှိသွားတဲ့ ဂိုးသမား အီဒါဆန်အနေနဲ့ ဒဏ်ရာကနေ ပြန်လာနိုင်ဖို့ မျှော်လင့်ရပြီး ဟာလန်းကလည်း ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်လာနိုင်ချေရှိနေပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဖိုဒန် #ပရီးမီးယားလိဂ်