ရှေ့သို့
Image

တော့တင်ဟမ်နဲ့ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲကို ဒဏ်ရာကြောင့်လွဲချော်ခဲ့တဲ့ ထရိုဆက်

1:23 PM, 25 September

အာဆင်နယ်ကြယ်ပွင့် တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ထရိုဆက်ဟာ မနေ့က ကစားခဲ့တဲ့ တော့တင်ဟမ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် တံကောက်ကြောဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အနားယူခဲ့ရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်သည် မာတီနယ်လီနှင့် အပြိုင် နောက်ဆုံးနှစ်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အဲဗာတန်ကို ဂူဒီဆင်ပါ့ခ်မှာ အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ခုံကနေလူစားဝင်လာပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ထရိုဆက်ဟာ ပီအက်စ်ဗွီကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းမှပြောင်းရွှေ့လာတဲ့ ထရိုဆက်ရဲ့ အကြောင်းကို အာတီတာက "သူတစ်ခုခုခံစားရတယ်၊ မနေ့က လေ့ကျင့်ရေးမှာ ကြွက်သားတင်းကျပ်မှုကို ခံစားခဲ့ရပြီး ဂိမ်းကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိဘူး" ဟု ပွဲမစမီအတည်ပြုပြောကြားခဲ့ပါတယ်။ ထရိုဆက်မရှိတဲ့ တိုက်စစ်ကို အာတီတာက ဆာကာ၊ အန်ကီတီယာ နှင့် ဂျီးဆပ် တို့သုံးဦးကိုရွေးချယ်ကာပွဲထွက်စေခဲ့ပါတယ်။

"ဂျီးဆပ်ဟာ ရှေ့တန်းနေရာတိုင်းမှာ ကစားနိုင်ခဲ့ပြီး၊ သူက အရမ်းလိုက်လျောညီထွေရှိပြီး သက်တောင့်သက်သာနဲ့ ကစားသွားသလိုပဲ ခံစားရပါတယ်။ သူက ကျွန်တော်တို့ကို တောင်ပံ တိုက်စစ်မှူးတစ်ယောက်နဲ့ မတူညီတဲ့အရာတွေကို ပေးတယ်၊ ဒီနေ့ သူဘယ်လို ကစားသွားလဲဆိုတာ ကြည့်ရအောင်"ဟု အာတီတာက ပြောကြားခဲ့ပြီး အာဆင်နယ် နံပါတ် ၉ ကစားသမားဖြစ်သည့် ဂျီးဆပ် ကို မတူညီသော တိုက်စစ်အခန်းကဏ္ဍတစ်ခုအတွက် သတ်မှတ်ထားကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ မနေ့က ပွဲစဉ်မှာ ရာယာက ရမ်ဒေးလ်အစား ပွဲထွက်လာခဲ့တဲ့ အပြင်၊ ဖေဘီယိုဗီအဲရာ၊ ဒီကလန်ရိုက်နှင့် အိုဒီဂတ်တို့ဟာ ကွင်းလယ်နေရာမှာ ပွဲထွက်လာခဲ့ပါတယ်။ ဒုတိယပိုင်းစတင်ချိန်မှာတော့ အာတီတာက ဒီကလန်ရိုက်အစား ဂျော်ဂျင်ဟို၊ ဖေဘီယိုဗီအဲရာအစား ဟားဗက်ဇ်တို့နှင့် လူစားလဲလှယ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ အာဆင်နယ်ဟာ ၂၆ မိနစ်မှာပဲ တော့တင်ဟမ်နောက်ခံလူရိုမီယိုရဲ့ OG မှတစ်ဆင့်ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ၄၂ မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ ချေပဂိုးကိုပြန်လည် ခွင့်ပြုခဲ့ရပါတယ်။ ၅၄ မိနစ်မှာ အာဆင်နယ်တို့ရရှိခဲ့တဲ့ ပင်နယ်တီကို ဆာကာက အမှားအယွင်းမရှိ အဆုံးသတ်ပြီး ၂-၁ နဲ့ ဦးဆောင်ခဲ့ပေမယ့် သူတို့ရဲ့ ပျော်ရွင်မှု တစ်မိနစ်မပြည့်ခင်မှာပဲ ဆွန်ဟောင်မင်က ဒုတိယချေပဂိုးကို ပြန်လည် သွင်းယူသွားခဲ့တာကြောင့် ပွဲအပြီး မှာ ၂-၂ ဖြင့် သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

#အာဆင်နယ် #တော့တင်ဟမ် #ထရိုဆက် #ပရီးမီးယားလိဂ်