ရှေ့သို့
Image

အဆုံးအဖြတ်ပွဲစဉ်အတွက် ဘိုင်ယန်မြူးနစ် အဆင်သင့်ဖြစ်နေပြီလို့ ကြွေးကြော်လိုက်တဲ့ တူချယ်

12:36 PM, 1 May

လာမယ့်သီတင်းပတ်၊ မက်ဒရစ်မြို့မှာ ဆင်နွှဲရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ ပြိုင်ဘက်ကို အနိုင်ရရှိရေး တိုက်ပွဲဝင်ရန် ဘိုင်ယန်မြူးနစ်အသင်း အဆင်သင့်ဖြစ်နေပြီလို့ နည်းပြတူချယ်က ပြောဆိုလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်း၊ ဂျာမန်မြေမှာ ယှဉ်ပြိုင်ကစားရတဲ့ ပထမအကျော့ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကို ပထမပိုင်း ပွဲချိန်အတွင်း ရီးရဲလ်မက်ဒရစ်အတွက် ဗင်နီးစီးယက်စ်က သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ဆာနေး၊ ဟယ်ရီကိန်း(ပင်နယ်တီ)တို့ရဲ့ သွင်းဂိုးတွေဖြင့် ဘိုင်ယန်မြူးနစ်တို့ ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ဧည့်သည်တွေအတွက် အဖိုးတန်ချေပဂိုးကို ပယ်နယ်တီမှတဆင့် ဗင်နီးစီးယက်စ်ကပဲ သွင်းယူပေးခဲ့ပါတယ်။

စိတ်ပျက်စရာပြည်တွင်းလိဂ်ခရီးစဉ်တစ်ခုအပြီး ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲတော့မယ့် တူချယ်က “ပွဲပြီးရလဒ်က ဒါပါပဲ။ ဒီရလဒ်အကြောင်း စဉ်းစားရင်း အချိန်ဖြုန်းနေဖို့ဆိုတာ ထိုက်တန်မှုမရှိပါဘူး။ ရီးရဲလ်ကတော့ အခွင့်အရေးနှစ်ကြိမ်ရရှိချိန်မှာ နှစ်ဂိုး သွင်းယူပြီး သူတို့လုပ်စရာရှိတာ လုပ်သွားပါတယ်။ သူတို့တွေ ဒါမျိုးတွေ လုပ်ပြနေတာ အရင်ကတည်းကပါပဲ။ ကျွန်တော်တို့အသင်းက ပထမဆုံးအကြိမ်ကြုံတွေ့ရတဲ့အသင်း မဟုတ်ပါဘူး။ သူတို့အသင်းက ပြီးပြည့်စုံမှုရှိပြီး ဒီလိုလုပ်ဆောင်နိုင်တဲ့ စွမ်းရည်မျိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ ခိုင်မာတဲ့ကစားပုံနဲ့ စတင်ခဲ့ပေမယ့် အသင်းလိုက်ကစားဟန် ပျောက်ဆုံးနေခဲ့ပါတယ်။ တတိယမြောက်ဂိုး ရရှိခဲ့သင့်ပေမယ့် လုံလောက်တဲ့ကောင်းမွန်မှုမျိုး ရှိမနေခဲ့သလို တည်ငြိမ်မှုလည်း ပျောက်ဆုံးနေခဲ့ပြန်ပါတယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့တွေ ပြိုင်ဘက်အတွက် ပယ်နယ်တီပေးခဲ့ရပါတယ်”လို့ ပြောပါတယ်။

တူချယ်ပြောသလိုပဲ ဘိုင်ယန်မြူးနစ်က အကောင်းဆုံးစတင်နိုင်ခဲ့သလို ၂-၁ ဂိုးဖြင့် ဦးဆောင်ထားချိန် ပွဲကို အပြတ်ဖြတ်နိုင်ဖို့ နောက်ထပ်ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ သူတို့တွေက ဝင်ဘာလေကွင်းဗိုလ်လုပွဲဆီ အရောက်သွားနိုင်ရေးအတွက် လာမယ့်ဗုဒ္ဓဟူးနေ့၊ စပိန်မြေမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိဖို့ လိုအပ်နေပါပြီ။

တူချယ်က “အခုအချိန်မှာ အခြေအနေတွေက အရမ်းရှင်းလင်းပြတ်သားနေပါပြီ။ ကျွန်တော်တို့တွေ မက်ဒရစ်မြို့ဆီ ခရီးဆက်ရပါမယ်။ မက်ဒရစ်မြို့ပွဲစဉ်က လုံးဝအရေးကြီးတဲ့ အဆုံးအဖြတ်ပွဲစဉ်ပါ။ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါကိုယုံကြည်ထားဖို့ အရေးကြီးပါတယ်။ ဗိုလ်လုပွဲ တက်ဖို့အခွင့်အရေးတော့ ရှိနေပါသေးတယ်။ ၅၀-၅၀ ပေါ့။ ဘာနေဗျူးကွင်းဆိုတာ အနိုင်ယူဖို့ ခက်ခဲတဲ့နေရာဆိုပေမယ့် ဒီအရာကိုယ်တိုင်ကပဲ စိတ်လှုပ်ရှားစရာစိန်ခေါ်မှု ဖြစ်ပေါ်စေပါတယ်”လို့ ပြောပါတယ်။

#ရီးရဲလ်မက်ဒရစ် #တူချယ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်