ရှေ့သို့
Image

ဘန်လေနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ဘာကြောင့် Sonic the Hedgehog အရုပ်နဲ့ အောင်ပွဲခံခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ အန်တိုနီ

1:55 PM, 29 April

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အန်တိုနီက ပြီးခဲ့တဲ့ စနေနေ့က ဘန်လေကို ၁-၁ နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုး သွင်းယူပြီးနောက် Sonic the Hedgehog အရုပ်ကို ကိုင်မြှောက်အောင်ပွဲခံခဲ့ပြီး ယခုအခါမှာတော့ ဘာကြောင့် အဲဒီလိုအောင်ပွဲခံခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။

ဘန်လေနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ဘရာဇီးလက်ရွေးစင်ကစားသမားရဲ့ ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ဘောလုံးရာသီ ပထမဆုံး သွင်းဂိုးဖြစ်ခဲ့ပြီး ဘန်လေရဲ့ နောက်တန်းအမှားမှတစ်ဆင့် အမှားအယွင်းမရှိ ဆွဲပြေးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အန်တိုနီဟာ ဒီဂိုးမတိုင်ခင် သူ့ရဲ့နောက်ဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တာဖြစ်ပြီး ယခုဘန်လေနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် စိတ်လှုပ်ရှားနေပုံရကာ ဘောလုံးကို ဂျာစီအောက်မှာ ထည့်သွင်းပြီး Sonic the hedgehog အရုပ်ကိုပါ ကိုင်မြှောက်အောင်ပွဲခံခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ကစားသမားက အခုလိုအောင်ပွဲခံခဲ့ခြင်းမှာ Sonic ကာတွန်းတွေကို ကြိုက်နှစ်သက်တဲ့ သူ့ရဲ့သားငယ်ကို ရည်ရွယ်ပြီးအောင်ပွဲခံခဲ့တာဖြစ်ကြောင်းနဲ့ ဘောလုံးကို ဂျာစီအောက်မှာ ထည့်သွင်းတာကတော့ ကိုယ်ဝန်လွယ်ထားတဲ့ သူရဲ့ဇနီးကို ရည်ရွယ်ခဲ့ကြောင်း ရှင်းပြလာခဲ့ပါတယ်။

တောင်ပံကစားသမားက “Sonic ကကျွန်တော့်သား လော်ရန်ဇိုရဲ့ အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်ပါ။ သူအရမ်းချစ်ပါတယ်။ သူအခုတော့ အတော်လေးကြီးပြင်းလာပြီး ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်တော့်ကို နေ့တိုင်းပျော်ရွှင်အောင်ပြုလုပ်ပေးထားနိုင်ပါတယ်။ ပြီးတော့ မကြာခင်မှာမွေးတော့မယ့် ကျွန်တော့်ရဲ့ ကလေးအတွက်လည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အခုလို ဂိုးသွင်းနိုင်ခဲ့လို့လည်း အရမ်းဝမ်းသာမိပါတယ်။ ဒီဂိုးကြောင့် တွန်းအားအရမ်းရပြီး ဆက်လက်လုပ်ဆောင်ဖို့အတွက် အင်အားရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ သင်္ချာနည်းအရ တွက်ချက်ကြည့်မယ်ဆိုရင်တော့ ရာသီကုန် အဆင့် ၅ နေရာကို ရောက်နိုင်ချေရှိသော်လည်း နောက်ဆုံး ကျန်ရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံးကို အနိုင်ရဖို့ လိုအပ်ပါတယ်။ လာမယ့်အပတ် တနင်္လာနေ့မှာတော့ တန်ဟက်ရဲ့ အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #ပရီးမီးယားလိဂ်