ရှေ့သို့
Image

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘယ်အသင်းတွေ တက်ရောက်သွားမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ပက်ဒရီ

1:19 PM, 2 April

ဘာစီလိုနာကွင်းလယ်လူ ပက်ဒရီက ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘယ်အသင်းတွေ တက်ရောက်သွားနိုင်မလဲဆိုတာ ခန့်မှန်းချက်ပေးလာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီနဲ့ ထိပ်တိုက် တွေ့ဆုံနေတာဖြစ်ပြီး နောက်တစ်ဆင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်ဆိုရင် ဒေါ့မွန်၊ ဒါမှမဟုတ် အက်သလက်တီကိုမက်ဒရစ်နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ပက်ဒရီက သူတို့ရဲ့ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်မယ်လို့ ခန့်မှန်းထားပြီး လာမယ့်ဇွန်လမှာ ဝင်ဘလေကွင်းကြီးထဲမှာ ကစားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ကစားသမားက “ဘယ်အသင်းတွေ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်မလဲဆိုရင်တော့ ဘာစီလိုနာ-မန်စီးတီး လို့ထင်ပါတယ်။ ဒါမှမဟုတ် ဘာစီလိုနာ-ရီးရဲလ်မက်ဒရစ်လည်းဖြစ်သွားနိုင်ပါတယ်” “ကျွန်တော်တို့က ဘာစီလိုနာပါ။ ပြောရမှာတော့ ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ဒီဖလားကို ကျွန်တော်တို့ ဆွတ်ခူးနိုင်ပါတယ်။ အသင်းမှာရှိတဲ့ လူငယ်ကစားသမားလေးတွေက ယုံကြည်မှုရှိကြပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ အတွက်လည်း ဆန္ဒပြင်းပြကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပက်ဒရီအနေနဲ့ ဒဏ်ရာပြဿနာကြောင့် အနားယူနေရပြီး လာမယ့် ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ရှိမရှိက မေးခွန်းထုတ်စရာဖြစ်နေပါသေးတယ်။ ဆက်လက်ပြီး ကွင်းလယ်လူက “ကျွန်တော် ဘယ်နေ့ပြန်ကစားနိုင်မလဲဆိုတာ သေချာသတ်မှတ်ထားတဲ့ ဒိတ်မရှိသေးပါဘူး။ အခုချိန်မှာတော့ တတ်နိုင်သလောက် ကောင်းအောင်လုပ်နေပါတယ်။ သိပ်မကြာခင်မှာပဲ ပြန်ကစားနိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်က စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ သန်မာနေပြီး ပြန်ကစားနိုင်မယ့်အချိန်ကိုပဲ စောင့်နေတာပါ” လို့ အသိပေးခဲ့ပါတယ်။

ပက်ဒရီဟာ ဘာစီလိုနာရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ထားနိုင်ပေမယ့် ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာကတော့ တိကျတဲ့အဖြေမရှိသေးဘဲ ကြံ့ခိုင်မှုတည်ဆောက်ဖို့ လိုအပ်နေသေးတာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ပက်ဒရီ