ရှေ့သို့
Image

အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ တော့တင်ဟမ်က အကုန်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆွန်ဟောင်မင် အခိုင်အမာဆို

12:16 PM, 27 April

တော့တင်ဟမ် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က အာဆင်နယ်အသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ အရာအားလုံး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ တော့တင်ဟမ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ နယူးကာဆယ်ကိုအရေးနိမ့်ပြီးနောက် အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“လက်မခံနိုင်စရာရလဒ် နဲ့ စွမ်းဆောင်ရည်ပါ။ ကျွန်တော်လည်းအတူတူပါပဲ။ အစုအဖွဲ့အနေနဲ့ ကျွန်တော်တို့ ဒီပွဲအကြောင်းပြောဖြစ်ပါတယ်။ လူတိုင်း ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ပြန်လာနိုင်မယ်ဆိုတာ သံသယမရှိပါဘူး။ ကျွန်တော်တို့ ပြန်လာနိုင်ဖို့ အလုပ်ကြိုးစားနေပါတယ်။ အဲ့တာက ပြန်လာနိုင်မယ့် ပွဲကောင်းတစ်ပွဲပါ။ အခြားပွဲတွေထက်လည်း စိတ်အားထက်သန်မှုအများကြီး ရှိနေပါတယ်။ အဲ့တာက ကြီးမားတဲ့ဒါဘီပွဲပါ။ အသင်းနဲ့ ပရိသတ်တွေ အတွက် ဘယ်လောက်အရေးပါလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ ဒီပွဲအတွက် ပြင်ဆင်ချိန်ရပါတယ်။ ခံစားချက်ကောင်းလည်းရှိနေပါတယ်။ ဒီပွဲအတွက် သေချာလေးပြင်ဆင်နေပြီး အဆင်သင့်ဖြစ်နေပါပြီ”လို့ ဆွန်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံဆုကိုရယူနိုင်ဖို့ အခုပွဲမှာ မဖြစ်မနေအနိုင်ကန်ဖို့ လိုအပ်နေပါတယ်။ ဆွန်က မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်လာနေပြီး မိမိတို့အနေနဲ့ သတိထားကန်ရမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါဘီပွဲအပြီးမှာ တော့တင်ဟမ်ဟာ ချဲလ်ဆီး ၊ လီဗာပူး ၊ မန်စီးတီးနဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲတွေဖြစ်ပါတယ်။ “အဲ့တာက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့စမ်းသပ်မှုဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့က လူငယ်အစုအဖွဲ့ပါ။ အတွေ့အကြုံလည်းနည်းပါသေးတယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေနဲ့ တည်ဆောက်နေတာကြောင့်ပါ။ အချို့ဆိုအခုမှ ပရီးမီးယားလိဂ်အရသာကို ခံစားဖူးတာပါ။ ဥရောပရဲ့အကောင်းဆုံး အသင်းတစ်သင်းနဲ့ရင်ဆိုင်ရမှာက ကြီးမားတဲ့စမ်းသပ်မှုဖြစ်လာနိုင်ပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့ သေချာလေးအာရုံစိုက်ရမှာဖြစ်သလို စမ်းသပ်မှုကောင်းဖြစ်လာနိုင်ပါတယ်။ တိုးတက်မှုလိုချင်တယ်ဆိုရင် အခုလိုမျိုး အသင်းကောင်းတွေနဲ့ရင်ဆိုင်ရမှာပါ”လို့ ဆွန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆွန်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး စက်တင်ဘာတုန်းက အာဆင်နယ်ကို ၂-၂ သရေကျတုန်းက ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

“ကျွန်တော် ပွဲတွေအပေါ်အမြဲအာရုံစိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ကိုယ် ကျွန်တော်လည်းယုံကြည်ပါတယ်။ အာဆင်နယ်နဲ့ ပွဲဖြစ်တာကြောင့် အဲ့လောက်စိတ်ခွန်အားတက်ကြွတာမရှိပါဘူး။ ပွဲတိုင်းက ကျွန်တော့်အတွက် ကြီးမားပါတယ်။ ဂိုးဘယ်လောက်သွင်းလဲဆိုတာက အရေးကြီးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ၃ မှတ်ပြည့်ရဖို့ကသာ အရေးကြီးတာပါ”လို့ ဆွန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #တော့တင်ဟမ် #ဆွန်ဟောင်မင် #ပရီးမီးယားလိဂ်