ရှေ့သို့
Image

အာဆင်နယ်ရဲ့ပွဲစဉ်တွေကို ကြည့်ရှုအားပေးနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဇာခါ

9:05 PM, 20 April

လက်ရှိ လေဗာကူဆင်မှာကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဇာခါက သူဟာ အသင်းဟောင်းရဲ့ပွဲစဉ်တွေကို ကြည့်ရှုအားပေးနေဆဲဖြစ်ကြောင်းနဲ့  အာတီတာရဲ့အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 


ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့က နောက်ဆုံး ၅ ပွဲသာကစားဖို့ကျန်ရှိတော့ပြီး အာဆင်နယ်ဟာ ရာသီတစ်လျှောက်လုံး ဆုဖလားဆွတ်ခူးနိုင်ဖို့ မန်စီးတီး၊ လီဗာပူးတို့နဲ့ တောက်လျှောက်ယှဉ်ပြိုင်လာခဲ့ရတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဇာခါက “ရှုံးပွဲတွေက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ သူတို့ ၁၀ ပွဲ ၁၁ ပွဲလောက်အထိ တောက်လျှောက်မရှုံးအောင်ကစားနိုင်ခဲ့ပြီး အခုလို ၁ ပွဲလောက်လေးရှုံးသွားတာက အရာအားလုံးကို ရှုံးနိမ့်သွားတာလို့ ကျွန်တော်မထင်ပါဘူး။ သူတို့မှာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲကျန်ရှိနေသေးပြီး ဆုဖလားကိုဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကောင်းရှိနေဆဲပါ။ သူတို့အနေနဲ့ အကောင်းဆုံးလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်က အာဆင်နယ်ရဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အဆက်အသွယ်ရှိနေဆဲဖြစ်ပြီး အသင်းရဲ့ပွဲစဉ်တွေကိုလည်း ကြည့်ပြီးအားပေးနဆဲပါ”


“အာဆင်နယ်က ဒီနှစ်အမှတ်ပေးဖလားကိုရနိုင်သလားဆိုတော့ ကျွန်တော်ကတော့ ရနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းကဝန်ထမ်းတွေနဲ့ ကစားသမားတွေကဆုဖလားနဲ့ ထိုက်တန်လို့ပါပဲ။ မနှစ်ကလိုပဲ ဒီနှစ်မှာလည်း သူတို့ဆုဖလားနဲ့ လက်တစ်ကမ်းကို ရောက်လာခဲ့ပါပြီ။ ဒီအချိန်မှာ အသေးစိတ်အချက်လေးတွေကအစ ဂရုစိုက်ရပါမယ်။ သူတို့ လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 


ဇာခါဟာ ပြီးခဲ့တဲ့ရာသီ အာဆင်နယ်နဲ့အတူ အသည်းကွဲဖွယ် အမှတ်ပေးဖလားကို ဆုံးရှုံးလိုက်ရပြီးနောက် နွေရာသီမှာ လေဗာကူဆင်သို့ ပေါင် ၂၁.၄ သန်းနဲ့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကွင်းလယ်လူဟာ လေဗာကူဆင်နဲ့အတူ ရှုံးပွဲမရှိတဲ့ ရာသီတစ်ခုကို ဖြတ်သန်းကာ ၂၀၁၂-၁၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘိုင်ယန်မြူးနစ်လက်ထဲက ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။  


အာဆင်နယ်ဟာ လာမယ့် စနေနေ့မှာတော့ ဝုဗ်နဲ့ကစားသွားရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ ယခုတစ်ပတ်အတွင်း ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကစားသွားရမယ့် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို ဆက်လက်ဖိအားပေးထားနိုင်မှာဖြစ်ပါတယ်။ 

#ဇာခါ #အာဆင်နယ် #လေဗာကူဆင် #ပရီးမီးယားလိဂ်