ရှေ့သို့
Image

လတ်တလောရရှိခဲ့တဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေကို ထုတ်ပြောလာတဲ့ ဖိုဒန်

11:01 AM, 10 April

ပွဲချိန်ကုန်ဆုံးခါနီးမှာ ပြင်းပြင်းထန်ထန်ထိခိုက်ထားဟန်ရှိတဲ့ ပုံစံမျိုးနဲ့ လူစားလဲထွက်ခွာခဲ့ရပြီးနောက် ဖိုဒန်က ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် မန်စီးတီးရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒု-ကျော့)ပွဲစဉ်အတွက် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်း၊ ဘာနေဗျူးကွင်းပွဲကြီးပွဲကောင်းမှာ မန်စီးတီးက လာမယ့်သီတင်းပတ်၊ အီတီဟတ်ကွင်းမှာ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် ၃-၃ ဂိုးစီ သရေရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ မန်စီးတီးရဲ့ဒုတိယမြောက်ဂိုးကို ဖိုဒန်က ဂိုးဧရိယာထိပ်မှ လှပတဲ့အဝေးကန်ချက်ဖြင့် သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကာမာဗင်ဂါနဲ့ ဖိုဒန်တို့ ဘောလုံးယှဉ်လုချိန် အင်္ဂလန်ကြယ်ပွင့် လဲကျသွားခဲ့ပြီး မန်စီးတီးအတွက် နောက်တိုးစိုးရိမ်စရာအခြေအနေတစ်ခုကို ဖြစ်တည်စေခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ပက်ဂွါဒီယိုလာက သူအားကိုးရတဲ့တိုက်စစ်မှူးနေရာမှာ အယ်လ်ဗာရက်ဇ်ကို လူစားထိုးလဲလှယ်ခဲ့ပါတယ်။

ဖိုဒန်ကိုယ်တိုင်လည်း အတော်လေးနာကျင်နေဟန်ဖြင့် ကွင်းတွင်းမှထွက်ခွာလာပြီးနောက် ပွဲပြီးဆုံးချိန်အထိ ဒီဒဏ်ရာရဲ့သက်ရောက်မှုကို ခံစားနေခဲ့ရပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ ဖိုဒန်က သူ့ရဲ့ခြေထောက်ဒဏ်ရာနဲ့ပတ်သက်လို့ အကောင်းမြင်စရာ အခြေအနေကို ဖွင့်ဟပြောဆိုလာပါတယ်။

TNT Sports သတင်းဌာနက အဆင်ပြေရဲ့လားလို့ မေးမြန်းလာမှုအပေါ် ဖိုဒန်က “ကျွန်တော်လည်း အဲ့ဒီအတိုင်းဖြစ်လာဖို့ မျှော်လင့်နေတာပါပဲ။ ကျွန်တော့်ခြေထောက်အပေါ်ပိုင်းနားမှာ အရမ်းဆိုးရွားတဲ့ဒဏ်ရာတစ်ခု ရရှိခဲ့ပါတယ်။ ကျွန်တော့်အတွက် ဒဏ်ရာအခြေအနေပြန်ကောင်းလာဖို့ အချိန်အနည်းငယ်ရှိနေသေးတယ်ဆိုတော့ အဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဖိုဒန်ရဲ့ဒဏ်ရာအခြေအနေအကြောင်း ပက်ဂွါဒီယိုလာဆီ မေးမြန်းရာ သူက “ဒဏ်ရာတစ်ခုပါပဲ။ ကျွန်တော်ရဲ့လူစားလဲဖို့ ဆုံးဖြတ်ချက်ကြောင့် ဖိုဒန်ရဲ့မျက်နှာပုံစံအမူအရာ ဆိုးရွားနေခဲ့ပါတယ်။ အခုပွဲစဉ်မှာ သူက အံအားသင့်စရာနောက်ထပ်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဖိုဒန်က သူ့ရဲ့လှပတဲ့သွင်းဂိုးနဲ့ပတ်သက်လို့ မန်စီးတီးရဲ့ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်တဲ့ကစားဟန်က ရီးရဲလ်မက်ဒရစ်ကစားသမားတွေကို မောပန်းနွမ်းလျစေပြီး ဂိုးကန်သွင်းမှုရရှိစေမယ့် နေရာလွတ်တွေကို ဖန်တီးပေးနိုင်တယ်လို့ ရှင်းပြလိုက်ပါတယ်။

သူက “ကျွန်တော် အသင်းလိုက်ချိတ်ဆက်ကစားဟန်တစ်ခုကို ခံစားမိခဲ့ပါတယ်။ ဒီလိုကန်သွင်းနိုင်ဖို့ အမြဲတမ်းလေ့ကျင့်ခဲ့တာပါပဲ။ တခါတလေမှာ ပစ်မှတ်အထိ မရောက်ရှိခဲ့ပါဘူး။ ဒီနေ့တော့ ဂိုးရဲ့အပေါ်ထောင့်ဆီ တန်းတန်းမတ်မတ် ဝင်ရောက်သွားပါတယ်။ ဒီနေ့ပွဲစဉ်ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နည်းနည်းတော့ စိတ်ပျက်ခဲ့ရပါတယ်။ အထူးသဖြင့် ၃-၂ ဂိုးဖြင့် ဦးဆောင်ထားချိန်မှာ ဘောလုံးပိုင်ဆိုင်မှုတွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ကလည်း အံ့အားသင့်ဖွယ်တိုက်စစ်စတင်မှုနဲ့အတူ ချေပဂိုးသွင်းယူသွားပါတယ်။ ဒီနေရာမှာ ဒုတိယအကျော့ ပွဲစဉ်အတွက် တိုးတက်လာနိုင်တဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေ အများကြီးရှိခဲ့ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ဂွါဒီယိုလာ #ဖိုဒန် #ချန်ပီယံလိဂ်