ရှေ့သို့
Image

လန်ဒန်မြေမှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အထိ ရာထူးနေရာအာမခံချက်ရှိနေတဲ့ တူချယ်

7:47 PM, 7 April

ယမန်နေ့ညပိုင်း၊ ဟိုင်ဒင်ဟိမ်းကို ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့ပေမယ့် အင်္ဂါနေ့၊ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပ-ကျော့)ပွဲစဉ်အတွက် အသင်းရဲ့အရန်ခုံတန်းမှာ နည်းပြတူချယ် ရှိနေလိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာခရစ္စတိုဖရွန်က အတည်ပြုပေးခဲ့ပါတယ်။

ယမန်နေ့ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်က ပထမပိုင်းပွဲချိန်အပြီး နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်မှာတော့ တန်းတက်အသင်းဆီ သုံးဂိုးပြန်လည်ခွင့်ပြုပေးရကာ အလွန်ဆိုရဲ့လေဗာကူဆင်အသင်းအတွက် ပထမဆုံးဘွန်ဒက်စ်လီဂါချန်ပီယံဆု ဆွတ်ခူးနိုင်ရေး အခွင့်အလမ်းတွေ ဖန်တီးပေးသွားပါတယ်။ တချိန်တည်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လေဗာကူဆင်က ယူနီယံဘာလင်ကို ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ယူပြီး အဖိုးတန်သုံးမှတ် ရှာဖွေခဲ့ပါတယ်။

အခုဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါအမှတ်ပေးပြိုင်ပွဲပြီးဆုံးဖို့ ခြောက်ပွဲသာလိုအပ်တော့ချိန် လေဗာကူဆင်က အနီးဆုံးပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို ၁၆ မှတ်အထိဖြတ်ကာ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်နေပြီး ချန်ပီယံဆုကြီးကိုတရားဝင်ကိုင်မြှောက်နိုင်ဖို့ နောက်ထပ်နိုင်ပွဲတစ်ပွဲသာ လိုအပ်ပါတော့တယ်။ အခုရာသီမတိုင်ခင် ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ၁၁ ကြိမ်ဆက် သိမ်းပိုက်ခဲ့ပါတယ်။

သီတင်းပတ်တစ်ပတ်ကာလအတွင်း နှစ်ပွဲဆက်ရှုံးနိမ့်မှုက အံ့အားသင့်စရာပါပဲလို့ ဝန်ခံခဲ့တဲ့ ဖရွန်က လန်ဒန်မြေ၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပ-ကျော့)ပွဲစဉ်ကို တူချယ် ရာနှုန်းပြည့်တာဝန်ယူသွားမယ်လို့ သတင်းထောက်တွေဆီ ပြောလာခဲ့ပါတယ်။

သူက “နောက်သုံးရက်မှာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ပွဲစဉ်တစ်ခု အသင့်ရှိနေပါပြီ။ တူချယ်ကိုယ်တိုင်လည်း အသင်းအတွက် အလုပ်မဖြစ်တဲ့အရာတွေ၊ ပြောင်းလဲပစ်ဖို့လိုအပ်တဲ့အရာတွေကို သိရဖို့အပြင် ခွန်အားတွေ ပြန်လည်ယူဆောင်လာဖို့အတွက် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ မြူးနစ်မြေမှာ ဒေါ့မွန်ကို ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။

ဖရွန်က ပထမပိုင်းပွဲချိန်အပြီး နှစ်ဂိုးပြတ်ဦးဆောင်ထားမှုကို စွန့်လွှတ်လိုက်ရခြင်းဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောဆိုရင်း ဘိုင်ယန်မြူးနစ်ကစားသမားတွေအတွက် ပြင်းထန်တဲ့ဝေဖန်သံစကားလုံးအချို့ကို သုံးနှုန်းသွားခဲ့ပါတယ်။

သူက “ကစားသမားတိုင်း မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး ငါတို့တွေ ဒီအသင်းအတွက် အစစအရာရာ ပေးဆပ်နိုင်သေးသလားလို့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်သွားရပါမယ်။ ပထမပိုင်းအပြီး နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ဒုတိယပိုင်းပွဲချိန်တွေမှာ သုံးဂိုးအထိ ပြန်ပေးလိုက်ရတာကတော့ လက်သင့်ခံနိုင်စရာ မရှိပါဘူး။ကျွန်တော်တို့တွေက အသင်းအဖွဲ့တစ်ခုအဖြစ် ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ဖို့ လိုအပ်နေပါတယ်။ ဒီလိုပုံစံမျိုးက လက်မခံနိုင်စရာအခြေအနေဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဟိုင်ဒင်ဟိမ်းအသင်းမှာ ၁၆ နှစ်ကြာတာဝန်ယူခဲ့ပြီး ပဉ္စမတန်းမှ ဘွန်ဒက်စ်လီဂါပြိုင်ပွဲအထိ အသင်းကို ဆွဲတင်ပေးခဲ့တဲ့ နည်းပြဖရန့်ရှမစ်ဒ်ကတော့ ဘိုင်ယန်မြူးနစ်ကို အလဲထိုးနိုင်ခဲ့လို့ ကျေနပ်နေခဲ့ပါတယ်။ရှမစ်ဒ်က “အသင်းအတော်များများက ကျွန်တော်တို့ကွင်းမှာ လာရောက်ကစားပြီး ကြီးမားတဲ့နိုင်ပွဲကို ဘယ်လိုယူဆောင်ကြမလဲလို့ တွေးနေတက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒုတိယပိုင်းပွဲချိန်တွေမှာ စွန့်စွန့်စားစားနဲ့ ဂိုးတွေ သွင်းယူခဲ့ကြပါတယ်”လို့ ပြောပါတယ်။






#အာဆင်နယ် #တူချယ် #ဟိုင်ဒင်ဟိမ်း