ရှေ့သို့
Image

ဘိုင်ယန်က အာဆင်နယ်ထက်ချန်ပီယံလိဂ်မှာ အတွေ့အကြုံရှိကြောင်း တူချယ် ပြောကြား

1:27 PM, 9 April

ဘိုင်ယန်နည်းပြ တူချယ်က မိမိတို့အသင်းဟာ အာဆင်နယ်အသင်းထက် ချန်ပီယံလိဂ်မှာအတွေ့အကြုံပိုရှိတယ်လို့ ပြောကြားလိုက်သလို အာဆင်နယ်ကို ဘယ်လိုဒုက္ခပေးရမလဲဆိုသိရှိကြောင်း သတိပေးလိုက်ပါတယ်။

ဘိုင်ယန်ဟာ ဘွန်ဒက်စ်လီဂါမှာ ရလဒ်တွေဆိုးဝါးနေပြီး လေဗာကူဆင်ကို ချန်ပီယံဆုလက်လွှဲပေးရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်အတွက် ဒီရာသီတစ်ခုတည်းသော ဆုဖလားအဖြစ် ချန်ပီယံလိဂ်ကျန်ရှိနေပြီး ကွာတားဖိုင်နယ်ပထမအကျော့မှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ တူချယ်က ဘိုင်ယန်ဟာ အာဆင်နယ်ထက်ဥရောပအတွေ့အကြုံပိုများတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ချန်ပီယံလိဂ်မှာအတွေ့အကြုံပိုများပါတယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ယှဉ်ရတာမတူညီပါဘူး။ ကျွန်တော်တို့ အဲ့တာကို အသုံးချမှာပါ။ ချန်ပီယံလိဂ်က အဆင့်ပိုမြင့်ပါတယ်။ ကျွန်တော်တို့ပစ်မှတ်ကို အောင်မြင်အောင်လုပ်ရပါမယ်။ ပြည်တွင်းမှာ ဝေဖန်ခံနေရတာက မှန်ကန်သလို လက်လည်းလက်ခံပါတယ်။ ကျွန်တော်တို့ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုပြသဖို့ လိုအပ်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်နဲ့မတူပဲ အာဆင်နယ်ကတော့ ဒီရာသီပြည်တွင်းလိဂ်မှာ ရလဒ်တွေကောင်းနေပြီး မန်စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ တူချယ်က အာဆင်နယ်ဒုက္ခပေးလာနိုင်တာကို သတိထားရမှာဖြစ်သလို လန်ဒန်သားတွေကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ သိတယ်လို့ ပြောကြားလိုက်ပါတယ်။

“အာဆင်နယ်က လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းပါ။ အချက်အလက်အားလုံးက သက်သေပြနေပါတယ်။ သူတို့ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ပြသနေတာပါ။ သူတို့က ဥရောပမှာ တည်ကန်ဘောအကောင်းဆုံး အသင်းပါ။ ကျွန်တော်တို့က သူတို့နောက်မှာဆိုပေမယ့် ကျွန်တော်တို့အားသာချက်ကို ကျွန်တော်တို့သိပါတယ်။ အာတီတာ လက်အောက်မှာ အာဆင်နယ်က အများကြီး ပြောင်းလဲလာခဲ့တာပါ။ သူတို့ပြိုင်ဘက်ကို လွှမ်းမိုးထားနိုင်သလို နည်းစနစ်ပိုင်းအရလည်း အရမ်းကောင်းပြီး တည်ငြိမ်တဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း သန်မာသလို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်က ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် အာတီတာနဲ့ သူ့အသင်းကို ချီးကျူးရမှာပါ”လို့ တူချယ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #တူချယ် #ဘိုင်ယန်မြူးနစ်