ရှေ့သို့
Image

အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ခန့်မှန်းသုံးသပ်လိုက်တဲ့ အင်္ဂလန်နည်းပြဟောင်းအဲရစ်ဆင်

10:30 AM, 24 March

အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆဗင်ဂိုရန်အဲရစ်ဆင်က အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးကို တစ်ပေးလိုက်ပြီး လတ်တလောကာလတွေအတွင်း လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ နည်းပြယာဂန်ကလော့ပ်ဟာ အသိအမှတ်ပြုမှုများစွာနဲ့ ထိုက်တန်နေတယ်လို့ ယုံကြည်နေပါတယ်။


ကလော့ပ်ရဲ့နောက်ဆုံးနှုတ်ဆက်ဘောလုံးရာသီအတွက် လက်ကျန် ၁၀ ပွဲသာ ကစားရဖို့ ကျန်ရှိချိန်မှာ လီဗာပူးက အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို ရမှတ်တူ၊ ဂိုးကွာခြားချက်အနေအထားဖြင့် ဖိအားပေးနေပါတယ်။

ပြီးခဲ့တဲ့လအတွင်း ယာဂန်ကလော့ပ်ရဲ့အသင်းက ကာရာဘောင်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် သမိုင်းဝင်ဆုဖလားလေးလုံးလမ်းကြောင်းကို အကောင်းဆုံးလျှောက်လှမ်းနိုင်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရပြီးနောက် ဒီအိပ်မက်က ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမယ့် မာဆေးဆိုဒ်ကလပ်က ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ယူရိုပါလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ခွင့်ရှိနေပါသေးတယ်။

အခုနိုင်ငံတကာသီတင်းပတ်အပြီး ကလပ်အသင်းပွဲစဉ်တွေ ပြန်စချိန်မှာ လီဗာပူးက ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရပါမယ်။


ဘဝတစ်လျှောက်လုံးလီဗာပူးအသင်းပရိသတ်ဖြစ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း အဲရစ်ဆင်ကတော့ စီနီယာကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရချိန် လူငယ်ကစားသမားလေးတွေကို မြေတောင်မြှောက်ပေးခြင်းအပါအဝင် ကလော့ပ်စွမ်းဆောင်ပြခဲ့တဲ့ အလုပ်တွေအတွက် ခမ်းခမ်းနားနားချီးကျူးဂုဏ်ပြုခဲ့ပြီး လာမယ့်မေလမှာ ဂျာမန်သားကြီးဟာ လီဗာပူးနည်းပြဘ၀ ဒုတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်လိုက်ပါတယ်။


အခုဘောလုံးရာသီမှာ လီဗာပူးက ဖလားသုံးလုံးအောင်မြင်မှုဆွတ်ခူးနိုင်မလားဆိုတဲ့ မေးမြန်းမှုကို ဆွီဒင်သားနည်းပြဟောင်းက “ကျွန်တော်လည်း မသိပါဘူး။ ကောင်းပြီ၊ ကျွန်တော်ကတော့ လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိလိမ့်မယ်လို့ ထင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူတို့က အက်ဖ်အေဖလားကို စွန့်လွှတ်လိုက်ရပါပြီ။

ဒါပေမယ့် သူတို့တွေက လူငယ်ကစားသမားလေးတွေကိုပါ ထည့်သွင်းပြီး ဘောလုံးကို အကောင်းဆုံးကစားနေပါတယ်။ အဲ့ဒီလူငယ်ကစားသမားလေးတွေဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် မမြင်ဖူးတဲ့ ကစားသမားလေးတွေပါ။

ရုတ်တရက်ဆိုသလိုပဲ ယာဂန်ကလော့ပ်က သူတို့တွေကို တကယ့်ကိုအရေးကြီးတဲ့ပွဲစဉ်တွေမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ဒီလိုလုပ်ပြနိုင်ဖို့ဆိုတာ ရဲစွမ်းသတ္တိရှိနေဖို့ အများကြီးလိုအပ်ပါတယ်။


ဒါကြောင့် အရမ်းကောင်းတဲ့လီဗာပူးအသင်းကို မြင်နေရတာနဲ့ လူငယ်ကစားသမားတွေကိုစောင့်ကြည့်ရင်း အနာဂတ်မှာ လီဗာပူးအသင်း ကြီးကျယ်ခမ်းနားလာဦးမလားလို့ တွေးတောနေရတာ အရမ်းပျော်စရာကောင်းပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။


ဒါ့အပြင် အဲရစ်ဆင်က ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ထွက်ပေါ်လာတဲ့ ယာဂန်ကလော့ပ်ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အံ့အားသင့်မိခဲ့သလို စိတ်မကောင်းလည်းဖြစ်မိတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဆွီဒင်သားနည်းပြက ယမန်နေ့ညပိုင်း၊ အေဂျက်စ်ဂန္တဝင်အသင်းနဲ့ ရင်ဆိုင်ရတဲ့ ရန်ပုံငွေပွဲစဉ်မှာ လီဗာပူးဂန္တဝင်အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။

သူက “ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက အကောင်းဆုံးအလုပ်တစ်ခုကို လုပ်ဆောင်ပြနေပြီး ထွက်ခွာသွားတော့မယ်ဆိုတော့ ကျွန်တော်ဝမ်းနည်းမိပါတယ်”လို့ ပြောပါတယ်။

၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြတာဝန်ထမ်းဆောင်ခဲ့တဲ့ အဲရစ်ဆင်က နည်းပြဘဝသက်တမ်းမှာ လီဗာပူးအသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူးလို့ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

#အင်္ဂလန် #အဲရစ်ဆင်