ရှေ့သို့
Image

ပွဲကစားချိန် မရရှိမှုအတွက် မကျေမနပ်ဖြစ်ကာ နည်းပြနဲ့ ဆွေးနွေးခဲ့တယ်လို့ ဖွင့်ပြောလာတဲ့ အဲရစ်ဆင်

3:57 PM, 20 March

လက်ရှိမန်ချက်စတာယူနိုက်တက် အသင်းမှာ သူ့ရဲ့အခန်းကဏ္ဍကို လျှော့ချလိုက်တာကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ ကွင်းလယ်လူ အဲရစ်ဆင်က ဒီအခြေအနေနဲ့ ပတ်သက်လို့ နည်းပြတန်ဟက်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အခုဘောလုံးရာသီအစပိုင်းမှာ အသင်းအတွက် ပုံမှန်ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင်က ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်နောက်ဆုံး ခုနစ်ပွဲအနက် ခြောက်ပွဲမှာ အရန်ခုံတန်းမှာပဲ ရှိနေခဲ့ပြီး ပွဲကစားချိန် မရရှိခဲ့ပါဘူး။ ဒီကာလအတွင်း အသင်းက နိုင်ပွဲငါးပွဲအထိရှာဖွေကာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိရေး ယှဉ်ပြိုင်မှုတွေဆီ ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။

လက်ရှိမှာ တန်ဟက်က အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် ကတ်စ်မဲရိုးကို ပင်တိုင်ထားကာ မိုင်နူး(သို့)တိုမီနေးတို့နဲ့ တွဲဖက်ကစားစေပြီး ဘရူနိုဖာနန်ဒက်စ်က တိုက်စစ်အကူကွင်းလယ်လူအဖြစ် တာဝန်ပေးလေ့ရှိပါတယ်။ အိုးထရက်ဖို့ဒ်ကလပ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးတဲ့ အဲရစ်ဆင်က လတ်တလော ပွဲကစားချိန် နည်းပါးနေမှုအပေါ် မကျေမနပ်ဖြစ်နေပေမယ့် တန်ဟက်ရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝနားလည်ပြီး သူ့ရဲ့အခြေအနေနဲ့ပတ်သက်လို့ စိတ်အေးလက်အေးရှိနေခဲ့ပါတယ်။

နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်နေစဉ်အတွင်း အဲရစ်ဆင်က “ကျွန်တော် ပွဲကစားချိန်မရရှိလို့ မကျေနပ်ဘူးဆိုတာ အရင်တုန်းကလည်း ပြောဖူးပါတယ်။ ဒါပေမယ့် အဲ့ဒါက ညအိပ်ချိန်အထိ တအုံ့နွေးနွေး ဖြစ်နေရမယ့် အရာမျိုးတော့ မဟုတ်ပါဘူး။ အသင်းကလည်း အကောင်းဆုံးစွမ်းဆောင်နေပါတယ်။ ကိုယ့်အခန်းကဏ္ဍအပြင် ကိုယ့်အသင်းဖော်တွေရဲ့ အခန်းကဏ္ဍကိုလည်း လေးစားမှုရှိရပါမယ်။ ကျွန်တော်ကတော့ ပွဲစဉ်တိုင်းအတွက် လန်းလန်းဆန်းဆန်းဖြစ်နေဖို့ အာရုံစိုက်ထားခဲ့ပြီး အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပါတယ်။ ဒါပဲ လုပ်ခဲ့တာပါ။ အခုအချိန်မှာ အရင်ကထက်တောင် ကိုယ့်ရဲ့အခန်းကဏ္ဍကို လက်ခံပေးနိုင်ဖို့ ပိုလွယ်ကူလာခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခုလိုပွဲကစားချိန်နည်းပါးမှုနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေရတဲ့အကြောင်း နည်းပြတန်ဟက်နဲ့ စကားပြောဆိုမှုတစ်ခု ရှိခဲ့ပါတယ်။ တက်နိုင်သလောက်တော့ ပွဲကစားချိန် လိုချင်ကြတာပါပဲ။ ဒါပေမယ့် ကျွန်တော် လက်ခံပါတယ်။ အသင်းအတွက်လည်း အချိန်တိုင်းအသင့်ဖြစ်နေဖို့လိုအပ်ပါတယ်။ ဒါကပဲ ကျွန်တော့်မှာ ရှိနေတဲ့အရာနဲ့ အမြဲတမ်းရှိသွားရမယ့်အရာပါပဲ”လို့ ပြောပါတယ်။

တန်ဟက်နဲ့တွေ့ဆုံချိန် ဘာတွေ ပြောဖြစ်ခဲ့လဲဆိုတဲ့မေးခွန်းအပေါ် အဲရစ်ဆင်က “သူပြောတာကတော့ ဒါ သူကိုယ်တိုင်ရွေးချယ်ထားတဲ့အသင်း၊ မိုင်နူးကိုယ်တိုင် အကောင်းဆုံး လုပ်ဆောင်နေသလို ကျန်ကွင်းလယ်လူတွေလည်း ကောင်းကောင်းစွမ်းဆောင်နေကြတယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာမှာ ပွဲထွက်ခွင့်ရရှိဖို့ ပြိုင်ဆိုင်မှု ရှိလာပါတယ်။ ဒါက ထိပ်တန်းကလပ်အသင်း တစ်ခုအတွက် ကစားပေးချိန်တိုင်းမှာ မျှော်လင့်ထားရမယ့် အရာတစ်ခုပါ။ အသင်းမှာတော့ တကယ့်ကိုကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုရှိပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

တန်ဟက်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ လေးစားမှုရှိ၊မရှိမေးမြန်းရာ အဲရစ်ဆင်က “အမှန်ပါပဲ၊ လေးစားရပါမယ်။ ကျွန်တော်က တက်နိုင်သလောက်ကစားချင်နေလို့ ရေရှည်မှာဆိုရင် စိုးရိမ်စရာတောင် ဖြစ်လာနိုင်ပါတယ်။ သဘာဝကျစွာနဲ့ပဲ အရန်ခုံမှာတော့ အမြဲတမ်း မထိုင်ချင်ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အရန်ခုံဆီ ဦးတည်လာတာမျိုး လုံးဝမရှိပေမယ့် အခုအချိန်မှာတော့ ဒါက ကျွန်တော့်အတွက် စိတ်ပူပန်စရာတော့ မဟုတ်ပါဘူး။ မကြာခဏဆိုသလို အသင်းကိုပြောင်းလဲလိုက်ချိန် အနိုင်ရတက်ပြီး ဒီလိုအနိုင်ရနေတဲ့အသင်းကို ထပ်ပြောင်းလဲစရာ မလိုအပ်ပါဘူး။ ကျွန်တော် ဒါကိုလေးစားပါတယ်”လို့ ဖြေဆိုပါတယ်။

အဲရစ်ဆင်က အခုရာသီ၊ ပရီးမီးယားလိဂ် ၁၆ ပွဲ ကစားရာ တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီးပေးထားနိုင်ပြီး လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ လီဗာပူးကို အနိုင်ရရှိတဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အရန်ခုံမှတဆင့် ပါဝင်လာကာ အသင်းအတွက် လိုအပ်နေတဲ့ခြေစွမ်းမျိုးကို ပြသပေးနိုင်ခဲ့ပါတယ်။

#အဲရစ်တန်ဟက် #အဲရစ်ဆင် #ပရီးမီးယားလိဂ်