ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲစဉ်မှာ အေဂျက်စ်က အန်တိုနီကို ပြန်မြင်နေရသလိုပဲလို့ ချီးကျူးပြောဆိုလိုက်တဲ့ တန်ဟက်

2:54 PM, 18 March

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အက်ဖ်အေဖလား ကွာတားဖိုင်ပွဲစဉ်မှာ လီဗာပူးကို ၄-၃ နဲ့အနိုင်ရပြီးနောက် အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၁ ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား အန်တိုနီကို အေဂျက်စ်မှာ ရှိခဲ့တဲ့ပုံစံအတိုင်း ပြန်မြင်နေရသလိုပဲလို့ ချီးကျူးစကားဆိုလာခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ပွဲကစားချိန် ၇၁ မိနစ်မှာ အဓိကတိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းအစား လူစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက်လိုအပ်နေတဲ့ ချေပဂိုးကို ပွဲပြီးကာနီးမှာ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ရဲ့အဓိက သူရဲကောင်းက တောင်ပံကစားသမားလေး အာမက်ဒီယာလိုဖြစ်ပေမယ့် အသင်းကို မိနစ် ၉၀ အတွင်း မရှုံးစေဘဲအချိန်ပိုအထိ ဆက်လက်ပို့ဆောင်ပေးနိုင်ခဲ့သူကတော့ အန်တိုနီဖြစ်ပါတယ်။

အသက်-၂၄ နှစ် အရွယ် ကစားသမားဟာ ဒီရာသီမှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရသော်လည်း ပွဲအပြီးမှာတော့ တန်ဟက် ကစားသမားဟာ အေဂျက်စ်မှာရှိစဉ်ကခြေစွမ်းမျိုးပြသနိုင်ခဲ့ကြောင်းနဲ့ ဒီဂိုးဟာ သူ့ရဲ့ယူနိုက်တက် ကစားသမားဘဝအတွက် အရေးပါတဲ့ဂိုးဖြစ်တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။

တန်ဟက်က “ဒီဂိုးက သူ့အတွက်အရမ်းအရေးပါပါတယ်။ သူအရမ်းရုန်းကန်ခဲ့ရတာပါ။ စဝင်ဝင်ချင်းမှာ ကစားပုံသိပ်မကောင်းပေမယ့် နောက်ပိုင်းမှာတော့ တော်တော်လေးအသားကျလာပြီး သူ့ကိုယ်သူ တာဝန်ယူနိုင်ခဲ့ပါတယ်။ အေဂျက်စ်မှာ ကစားခဲ့တဲ့ အန်တိုနီကိုပြန်တွေ့နေရသလိုပါပဲ။ သူက ခံစစ်ကို အများကြီးလိုက်ကူပေမယ့် ခံစစ်ကစားသမားမဟုတ်ပါဘူး။ သူက ဂိုးတွေ သွင်းနိုင်ပါတယ်။ ဖိအားတွေကိုလည်း သူခုခံနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာက သူ့ရဲ့သက်သေပါပဲ။ သူက ဂိုးသွင်းရုံသာမကပါဘူး။ အသင်းနဲ့အတူနောက်တန်းအထိ လိုက်ပါကစားနိုင်ပြီး အရေးပါတဲ့ အခိုက်အတန့်တွေကို ပါဝင်နိုင်ခဲ့တာပါ”လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

လက်ရှိချိန်မှာတော့ နိုင်ငံတကာခြေစမ်းပွဲစဉ်တွေကျင်းပနေတာကြောင့် ကလပ်အသင်းပွဲစဉ်တွေကို ခေတ္တရပ်နားထားပြီး ခြေစမ်းပွဲစဉ်တွေအပြီးမှာတော့ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။  လီဗာပူးကို အနိုင်ရသွားတဲ့တာကြောင့် ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီး မဲခွဲမှုအရ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ တွေ့ဆုံနေပြီး အခြား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အန်တိုနီ #အဲရစ်တန်ဟက် #အက်ဖ်အေဖလား