ရှေ့သို့
Image

ကျွန်တော် အဝါကတ်တစ်ကတ် ပြခံထားရတာကို မေ့သွားတယ်ဗျာလို့ ထုတ်ဖော်ပြောကြားလာတဲ့ အာမက်ဒီယာလို

2:02 PM, 18 March

ယမန်နေ့ညက လီဗာပူးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် နောက်ဆုံး အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ တောင်ပံကစားသမားလေး အာမက်ဒီယာလိုဟာ ဂိုးသွင်းပြီးနောက်မှာ အင်္ကျီချွတ်ပြီးအောင်ပွဲခံခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။

ကစားသမားဟာ ဂိုးမသွင်းခင်ကတည်းက ပြစ်ဒဏ်ကျူးလွန်မှုကြောင့် အဝါကတ်တစ်ကတ်ပြသခံထားရတာဖြစ်ပြီး ပွဲအပြီးမှာတော့ အဲဒီအဝါကတ်ပြစ်ဒဏ်ကို မေ့လျော့ပြီး အင်္ကျီချွတ်ခဲ့မိတာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးကို ၂ ကြိမ်တိုင်တိုင်နောက်ကနေ လိုက်ကစားပြီး အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲစဉ်ကလည်း ပွဲအစကနေ အဆုံးအထိ မြိုင်မြိုင်ဆိုင်ဆိုင်သွင်းဂိုးတွေနဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ယူနိုက်တက်ကတော့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ကာ လီဗာပူးကတော့ ဖလား ၄ လုံးမျှော်လင့်ချက်ထဲက အက်ဖ်အေဖလားကို ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

ပွဲအပြီးမှာ အာမက်က “ကျွန်တော် ပထမတစ်ကြိမ်အဝါကတ်ပြခံထားရတယ်ဆိုတာကို လုံးဝမေ့သွားပါတယ်။ အနီကတ်ပြခံခဲ့ရလို့ စိတ်ပျက်မိပေမယ့် ကျွန်တော့်အတွက် အရေးကြီးဆုံးက လီဗာပူးလို အသင်းကြီး တစ်သင်းကိုအနိုင်ရဖို့ပါ။ လူတိုင်းက ကျွန်တော့်ကဆီလာပြီး ချီးကျူးဂုဏ်ပြုကြပါတယ်။ အဲဒီအတွက်လည်းအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ပရိသတ်တွေနဲ့အတူဆိုရင် ပွဲတိုင်းက ပွဲကြီးပွဲကောင်းပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

အာမက်က ယူနိုက်တက်အတွက် အရေးပါတဲ့အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့ အပြင် လီဗာပူးနောက်တန်းကို မွှေနှောက်ပြီး တောက်လျှောက်ခြေစွမ်း ပြသထားနိုင်ခဲ့တာကြောင့် ကစားသမားအနေနဲ့ ဒီထက်ပိုကောင်းတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်သင့်တယ်ဆို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ယခုနိုင်ပွဲကြောင့် အိုင်ဗရီကို့စ်လက်ရွေးစင် ကစားသမားရဲ့ ယူနိုက်တက်ကစားသမားဘဝကဟာ တစ်ဆစ်တစ်ချိုးပြောင်းလဲလာနိုင်ပုံရပြီး ပွဲအပြီးမှာ မန်နေဂျာအဲရစ်တန်ဟက်က အာမက်အနေနဲ့ လက်ရှိထက်ပိုပြီး ပွဲတွေကစားခွင့်ရသင့်တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတကာပွဲစဉ်တွေကြောင့် ယူနိုက်တက်အနေနဲ့ ပွဲစဉ်တွေကို ရပ်ဆိုင်းပြီး အားလပ်ရက်အပြည့်အဝယူသွားရမှာဖြစ်သလို တောင်ပံကစားသမား အာမက်အနေနဲ့လည်း ပွဲထွက်ခွင့်အတွက် အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်တွေမှာ တန်ဟက်မျက်စိကျလောက်အောင် စွမ်းဆောင်သွားနိုင်ဖို့လိုနေပါတယ်။
#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဒီယာလို #အက်ဖ်အေဖလား