ရှေ့သို့
Image

အခုဘောလုံးရာသီအတွက် အရေးကြီးဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမယ်လို့ ပြောဆိုလိုက်တဲ့ ဇာဗီ

4:22 PM, 12 March

ဒီည၊ နူးကမ့်ကွင်းမှာ နာပိုလီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်(ဒုတိယအကျော့ပွဲစဉ်)က အခုဘောလုံးရာသီ၊ သူတို့အသင်းအတွက် အရေးအကြီးဆုံးပွဲစဉ်တစ်ခုဖြစ်လာလိမ့်မယ်လို့ ဘာစီလိုနာနည်းပြဇာဗီက ပြီးခဲ့တဲ့တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

ပထမအကျော့၊ အီတလီမြေမှာ ကစားခဲ့ချိန် တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့လို့ ဒီညမှာတော့ ဘာစီလိုနာအတွက် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်မယ့် အခွင့်အလမ်းတစ်ခု ရှိနေပါတယ်။ ကတ္တလန်ကလပ်က ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ နောက်ဆုံး အကြိမ်အနိုင်ရရှိတဲ့ ပွဲစဉ်ကလည်း ၂၀၂၀ ပြည့်နှစ်၊ အိမ်ကွင်းမှာ နာပိုလီကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားဦးဆောင်သူ ရီးရဲလ်မက်ဒရစ်နဲ့ ရှစ်မှတ်အကွာ၊ အဆင့်-၃ နေရာမှာ ရပ်တည်နေရလို့ ဘာစီလိုနာအတွက် ဥရောပပြိုင်ပွဲတွေက ဦးစားပေးအဆင့် ဖြစ်လာခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ဇာဗီက “အခုရာသီအတွက် အရေးအကြီးဆုံး ပွဲစဉ်လားဆိုရင် မှန်ပါတယ်။ ဒီပွဲစဉ်အတွက် ကျွန်တော်တို့ အသင့်ရှိနေသလို စိတ်လှုပ်ရှားနေရပါတယ်။ ကျွန်တော်တို့ ကွာတားဖိုင်နယ်အဆင့်ဆီ မတက်လှမ်းနိုင်တာ လေးနှစ်ရှိပါပြီ။ ဒီအတိုင်းပဲ ရှုမြင်ထားပါတယ်။ သူတို့ရဲ့ အကောင်းဆုံးအခိုက်အတန့်ကို ဖြတ်သန်းနေတယ်လို့ ပြောလို့မရပေမယ့် ၂၀၂၃ ခုနှစ်၊ စကူဒက်တိုချန်ပီယံအသင်းကို အခြေခံထားတဲ့ ပြိုင်ဘက်နဲ့ ကျွန်တော်တို့  ယှဉ်ပြိုင်ကစားချင်ပါတယ်”လို့ ပြောပါတယ်။

ဘာစီလိုနာရဲ့အမှတ်ပေးချန်ပီယံဆုကာကွယ်နိုင်ရေးလုပ်ငန်းစဉ်က ကျရှုံးလုနီးပါး အခြေအနေမှာ ရှိနေသလို နာပိုလီကလည်း သူတို့ရဲ့ စကူဒက်တိုချန်ပီယံဘွဲ့ကာကွယ်နိုင်ရေးမျှော်လင့်ချက်ကို လုံးဝလက်လွှတ်ထားလိုက်ပါပြီ။ အခုရာသီအတွင်း နာပိုလီရဲ့တတိယမြောက်နည်းပြ အဖြစ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း တာဝန်ယူခဲ့တဲ့ ကယ်လ်ဇိုနာရဲ့လက်အောက်မှာ နေပယ်လ်သားတွေက နောက်ဆုံးငါးပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ပါတယ်။

ဇာဗီက “ပိုပြီး သွက်သွက်လက်လက်ရှိသလို သက်သောင့်သက်သာလည်းရှိတဲ့ နည်းပြသစ်လက်အောက်မှာ နာပိုလီက တိုးတက်နေပါပြီ။ ခံစစ်မှစတင်ကာ ကစားကွက်တည်ဆောက်ပြီး ဖိအားကို အမြင့်ဆုံးပေးနိုင်တဲ့ ရဲရင့်တဲ့နာပိုလီအသင်းနဲ့ ရင်ဆိုင်ရဖို့ မျှော်လင့်မိပါတယ်။ တစ်ဦးချင်းထူးချွန်တဲ့ ကစားသမားတွေရှိနေလို့ ဒါက ထင်ကြေးပေးနေတာ မဟုတ်ပါဘူး။ အီတလီရဲ့လက်ရှိချန်ပီယံ အသင်းကောင်းတစ်ခုနဲ့ ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

လက်ရှိမှာ ဘာစီလိုနာက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ဒီဂျောင်၊ ပက်ဒရီတို့လို အားထားရတဲ့ ကစားသမားတွေကို လက်လွှတ်ထားရသလို တံကောက်ကြောဒဏ်ရာတစ်ခုကြောင့် နောက်ဆုံးခုနစ်ပွဲဆက် မကစားနိုင်တဲ့ ဖာရန်တောရက်စ်လည်း ပြန်လာဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ နည်းပြဇာဗီက အတည်ပြုပါတယ်။ ဘာစီလိုနာ နည်းပြဖြစ်သူက ဖာရန်တောရက်စ်ကို လာမယ့်တနင်္ဂနွေနေ့၊ အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ထားပေမယ့် ဒီညပွဲစဉ်ကိုတော့ လွဲချော်ဖို့မှတပါး အခြားအကြောင်းပြချက်တွေ မရှာနိုင်သေးပါဘူး။

“ဒဏ်ရာရကစားသမားတွေက အရေးကြီးပေမယ့် ကျွန်တော်တို့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။ နာပိုလီကွင်းမှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့သလို ဒီညမှာလည်း ပိုကောင်းသထက်ကောင်းအောင် ကြိုးစားရပါမယ်။ ဒါက ကွာတားဖိုင်နယ်တက်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ပါဝင်ကစားပေးဖို့ မဖြစ်နိုင်တဲ့ ကစားသမားတွေကြောင့်လို့ ဆင်ခြေပေးစရာမရှိပါဘူး။ ကျရှုံးမှုကိုလည်း မကြောက်ရွံ့ပါဘူး။ ဒါက ကျွန်တော်တို့အသင်းပရိသတ်တွေရှေ့မှောက် ယှဉ်ပြိုင်ကစားရမယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်”လို့ ဇာဗီက ဆိုပါတယ်။

#ဘာစီလိုနာ #ဇာဗီ #နာပိုလီ #ချန်ပီယံလိဂ်