ရှေ့သို့
Image

လူစားလဲခံရလို့ ဒေါသထွက်နေတဲ့ ဒီဘရိုင်းဆီ တောင်းဆိုမှုတစ်ခု ပြုလုပ်လာတဲ့ ပက်ဂွါဒီယိုလာ

4:08 PM, 11 March

ယမန်နေ့ညပိုင်း၊ လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ မန်စီးတီးရဲ့အရေးကြီးလိဂ်ပွဲစဉ်အတွင်း လူစားလဲခံရပြီးနောက် ကီဗင်ဒီဘရိုင်းဆီမှာ မြင်တွေ့ခဲ့ရတဲ့ စိတ်ပျက်မှုတွေက လာမယ့်ပွဲစဉ်မှာ ကစားသမားအတွက် စိတ်ဓါတ်လှုံ့ဆော်မှုအဖြစ် ပြောင်းလဲသွားမယ်လို့ နည်းပြပက်ဂွါဒီယိုလာရဲ့အဆိုအရ သိရပါတယ်။

အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းပွဲချိန်အတွင်း ဒီဘရိုင်းက မန်စီးတီးအတွက် ဂျွန်စတုန်းစ်ရဲ့ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း စတင်လာချိန်မှာပဲ မက်အယ်လစ္စတာရဲ့ပယ်နယ်တီသွင်းဂိုးဖြင့် အနီရောင်တပ်သားတွေက ပွဲစဉ်ဆီ ပြန်လာနိုင်ခဲ့ပါတယ်။

နောက်ထပ်မိနစ် ၂၀ အကြာမှာပဲ ပက်ဂွါဒီယိုလာက ဒီဘရိုင်းကို လူစားလဲလှယ်ခဲ့ပြီး အခုလိုလူစားလဲလှယ်မှုကြောင့် အသက်-၃၂ နှစ်အရွယ်ကစားသမားနဲ့ အခြေအတင် ပြောဆိုဆွေးနွေးမှု အနည်းငယ်ပြုလုပ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဘယ်လ်ဂျီယံသားက အရန်ခုံတန်းမှာ ရှိတဲ့ သူ့ရဲ့နေရာဆီ ပြန်လာခဲ့ပြီး နည်းပြဖြစ်သူရဲ့ နှစ်သိမ့်မှုကိုလည်း ရရှိခဲ့ပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ဒါကောင်းပါတယ်။ ကျွန်တော် မှားယွင်းခဲ့တယ်ဆိုတာ သက်သေပြဖို့ သူ့အတွက် အခွင့်အရေးတစ်ခု လာမယ့်ပွဲစဉ်မှာ ရှိနေပါပြီ။ နောက်ပွဲစဉ်မှာ သူလုပ်ပြနိုင်ပါလိမ့်မယ်။ အေးဆေးပါပဲ။
ကျွန်တော်တို့မှာ ဘောလုံးကိုင်ကစားနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦး လိုအပ်နေခဲ့ပါတယ်။ ဒါက ဖိအားပေးတာမျိုး (သို့မဟုတ်) သူ့ရဲ့ကစားပုံမျိုး မဟုတ်ပါဘူး။ ဒါကြောင့်ပါပဲ၊ ကိုဗာဆစ်က ဒီအပိုင်းမှာတော့ အရမ်းကောင်းပါတယ်။ ဘာနာဒိုဆေးလ်ဗားလည်း ကွင်းလယ်ဗဟိုဆီ ရွှေ့ကစားလာပြီး ဖိုဒန်က ဘောလုံးထိန်းထားရမယ့် နေရာအချို့မှာ ရှိနေကာ ပြိုင်ဘက်ဂိုးဧရိယာဆီ အပိုပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ခံစစ်ဇုန်ထဲမှာလည်း ဖိုဒန်က နှစ်ကြိမ်၊သုံးကြိမ်လောက် ကန်ခွင့်ရရှိခဲ့ပါတယ်။ ဖိုဒန်က ဗဟိုကွင်းလယ်ပိုင်းမှာဆိုရင် သာမန်ထက်ပိုတယ်ဆိုတာ ကျွန်တော် သိပါတယ်”လို့ ပြောပါတယ်။

မန်စီးတီးက နိုင်ငံတကာသီတင်းပတ်မတိုင်ခင်၊ လာမယ့်စနေနေ့မှာ နယူးကာဆယ်နဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။ ဂွါဒီယိုလာ ဘက်ကတော့ ဒီဘရိုင်းရဲ့ပေါက်ကွဲသံတွေက သူ့ရဲ့ကစားသမားရွေးချယ်မှုကို ထိခိုက်စေဖို့ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ပက်က “ဒါ ပြဿနာတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အဆင်ပြေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဒီဘရိုင်း #ပရီးမီးယားလိဂ်