ရှေ့သို့
Image

ကိုဗင်ထရီနဲ့ပွဲက ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်ဟာ ရှက်စရာကောင်းပြီး တန်ဟက်ကို ဒုက္ခဖြစ်စေနိုင်တယ်လို့ ပြောကြားလိုက်တဲ့ ကာရေဂါ

2:00 PM, 22 April

လီဗာပူးဂန္ထဝင်ကစားသမားဟောင်း ဂျေမီကာရေဂါက ယမန်နေ့ညက ကိုဗင်ထရီနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ဟာ ရှက်စရာကောင်းပြီး အသင်းနည်းပြ အဲရစ်တန်ဟက်ကို ဒုက္ခဖြစ်စေနိုင်တယ်လို့ ထောက်ပြပြောကြားလာခဲ့ပါတယ်။ 


ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ကိုဗင်ထရီကို မထင်မှတ်ထားတဲ့ အခြေအနေအထိ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရလဒ်ကိုတော့ အရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံရှစ်ကလပ်က ၃-၀ နဲ့ ဂိုးပြတ်ဦးဆောင်ထားပြီးကာမှ ၃-၃ ဆိုတဲ့ ရလဒ်အထိ ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် အချိန်ပိုနဲ့ ပင်နယ်တီအဆုံးအဖြတ်အထိ ဆက်လက်ကစားခဲ့ရတာဖြစ်ပါတယ်။


ပင်နယ်တီအဆုံးအဖြတ်မှာတော့ ယူနိုက်တက်ဟာ ၄-၂ နဲ့အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကိုတက်ရောက်သွားပြီဖြစ်တာကြောင့် လက်ရှိချန်ပီယံမန်စီးတီးနဲ့ ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။ သို့သော်လည်း ကာရေဂါကတော့ အခုလို ယူနိုက်တက်ကစားသမားတွေအနေနဲ့ ၃-၀ ဆိုတဲ့ ရလဒ်ကို ဖြုန်းတီးခဲ့တာက အလွန်ရှက်စရာကောင်းတယ်လို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။ 


လီဗာပူးနောက်ခံလူဟောင်းက “ကျွန်တော်တို့ ဒီပွဲမှာ ကိုဗင်ထရီက ယူနိုက်တက်ကို နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်သွားတာကို မြင်တွေ့ခဲ့ရပြီး ယူနိုက်တက်ကစားသမားတွေကလည်း သူတို့ရဲ့နည်းပြကို ရာထူးကနေထုတ်ပယ်ခံရလောက်တဲ့အထိ ဒုက္ခပေးခဲ့ပါတယ်။ သူ ဒီအသင်းမှာ ဘယ်လိုနေနေလဲ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဒီအသင်းရဲ့အဝတ်လဲခန်းကတော့ ဒီလိုကြီးမားတဲ့နိုင်ပွဲတွေရရှိခဲ့တဲ့ အသင်းတွေထဲမှာ ရှက်စရာအကောင်းဆုံး အဝတ်လဲခန်းလို့ ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 


ယခုရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲကနေလည်း စောစောစီးစီးထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်ယူနိုက်တက်ဟာ ရာသီကုန်မှာလည်း အဆင့် ၄ နေရာဝင်ဖို့ လုံးဝမဖြစ်နိုင်တဲ့အခြေအနေမှာရှိနေတာကြောင့် တန်ဟက်အပေါ် ဖိအားတွေလည်း ကျရောက်နေတာဖြစ်ပါတယ်။ ဒါကြောင့် နယ်သာလန်သားအနေနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာသာ မန်စီးတီးကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ရာထူးကနေထုတ်ပယ်ခံရဖို့က သေချာသလောက်ဖြစ်နေပါတယ်။ 


လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယား အောက်ဆုံးက ရှက်ဖီးလ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပွဲစဉ်အပြီး စနေနေ့မှာတော့ အဆင့် ၁၉ က ဘန်လေကို အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။ 

#လီဗာပူး #ကာရေဂါ #အက်ဖ်အေဖလား