ရှေ့သို့
Image

အီဒါဆန်ရဲ့ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်စရာနောက်ဆုံး အခြေအနေကို ထုတ်ပြောလာတဲ့ ပက်ဂွါဒီယိုလာ

3:34 PM, 11 March

လီဗာပူးနဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပယ်နယ်တီ ပြစ်ဒဏ်ကျူးလွန်မိပြီးနောက် ခြေထော့နင်းဖြင့် ကွင်းတွင်းမှ ထွက်ခွာသွားတဲ့ ဂိုးသမား အီဒါဆန်ရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်စရာ နောက်ဆုံး အခြေအနေကို မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပက်ဂွါဒီယိုလာက အီဒါဆန်ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ ထုတ်ပြောဖို့အခက်တွေ့နေခဲ့ပြီး အသေးစိတ်အချက်အလက်တွေ ထုတ်ပေးဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။ ဘရာဇီးဂိုးသမားက ဒါဝင်နူနက်ဇ်ရဲ့တိုက်စစ်ဆင်မှုကို ကာကွယ်ရာမှာ ပယ်နယ်တီပြစ်ဒဏ်ခွင့်ပြုပေးခဲ့ရသလို ခြေထောက်ဒဏ်ရာလည်း ရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကို မက်အယ်လစ္စတာက လီဗာပူးအသင်း အတွက် ချေပဂိုးအဖြစ် ပြောင်းလဲခဲ့ပြီးနောက် အီဒါဆန်ရဲ့နေရာမှာ အော်တေဂါ လူစားဝင်ကစားခဲ့ရပါတယ်။ အခုပွဲစဉ်သရေရလဒ်ကြောင့် အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာခဲ့ပြီး ဒါဟာ ပက်ဂွါဒီယိုလာနဲ့ မန်စီးတီးရဲ့သရဖူအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

BeIN Sports နဲ့တွေ့ဆုံချိန် အီဒါဆန်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ကြည့်ရတာ အဆင်မပြေဘူး”လို့ တိုတိုတုတ်တုတ်ပဲ ဖြေပေးခဲ့ပါတယ်။ ချန်ပီယံပြေးလမ်းရှိ အမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ နှိုင်းယှဉ်လိုက်ပါက သူ့အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းအပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့ မန်စီးတီးနည်းပြက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မန်စီးတီးနဲ့ အာဆင်နယ်တို့က မတ် ၃၁ ရက်မှာ ထိပ်တိုက်ရင်ဆိုင်ကစားရပါမယ်။

HaytersTV နဲ့ တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ဒီပွဲစဉ်က ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့က ပွဲစဉ်တစ်ခုကို သရေရလဒ်ရရှိဖို့ ၉၈ မိနစ်၊ ၉၉ မိနစ် လိုအပ်ပေမယ့် အာဆင်နယ်ကတော့ သုံးဂိုးပြတ်အနိုင်ရရှိဖို့ ပွဲကစားချိန် ၂၅ မိနစ်ပဲ လိုအပ်ပါတယ်။ စံနှုန်းသတ်မှတ်ချက်တွေကိုလည်း ကျွန်တော်တို့ သိပါတယ်။ ပြီးခဲ့တဲ့ရာသီ၊ ပထမရာသီဝက်မှာ အာဆင်နယ်က ရမှတ် ၅၀ အထိ စုဆောင်းနိုင်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒါကို သိပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံး ဖြစ်နေတယ်ဆိုရင်တောင် ကိုယ့်ရဲ့စံနှုန်းတွေအတိုင်းပဲ လုပ်သွားပါတယ်။ လူတိုင်းက သူတို့ရှိနေတဲ့အခြေအနေမှာ တိုးတက်အောင်လုပ်ဆောင်နေကြလို့ အခုလက်ရှိအခြေအနေတွေကို ကျွန်တော် မအံ့သြမိပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။

အာဆင်နယ်က နှစ်သစ်ကူးပြီးနောက် လိဂ်ပွဲစဉ်တိုင်းကို အကောင်းဆုံး တိုက်စစ်ကစားဟန်ဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ အနိုင်ရရှိရေး ခက်ခက်ခဲခဲကြိုးစားခဲ့ရလို့ ဖိအားတွေများပြားတဲ့အခိုက်အတန့်တွေမှာ အာဆင်နယ်ရဲ့စိတ်ဓါတ်ခံယူချက်ပိုင်းအပေါ် မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။

တဖက်မှာ မန်စီးတီးက အက်ဖ်အေဖလား ချန်ပီယံဆုကာကွယ်ဖို့ လာမယ့်သီတင်းပတ်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားရဖို့ ရှိပြီး ဒီပွဲစဉ်အပြီးမှာတော့ အမှတ်ပေးဇယားဦးဆောင်သူဂန်းနားတွေကို အီတီဟတ်မှာ ဧည့်ခံကစားရပါမယ်။

#လီဗာပူး #ဂွါဒီယိုလာ #အီဒါဆန် #ပရီးမီးယားလိဂ်