ရှေ့သို့
Image

ပီဒရီနဲ့ ဒီဂျောင်တို့ အခြေအနေဟာ ပုံမှန်ဒဏ်ရာ ရနေကြအခြေအနေလို့ ဘာစီလိုနာ အတည်ပြု

8:09 AM, 5 March

အက်သလက်တစ်အသင်းနဲ့ပွဲရဲ့ပထမပိုင်းမှာ ဒီဂျောင်နဲ့ ပီဒရီတို့ကို လူစားလဲခဲ့ပြီးနောက် ဘာစီလိုနာက ပုံမှန်ဖြစ်နေကြဒဏ်ရာ အခြေအနေတွေလို့ အတည်ပြုလိုက်ပါတယ်။

ဒီဂျောင်ကတော့ ခြေကျင်းဝတ်နေရာမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ပွဲကစားချိန် ၂၆ မိနစ်မှာ လိုပက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။ အဲ့နောက် ပထမပိုင်းအပြီးမှာ ပီဒရီကလည်း တံကောက်ကြေဒဏ်ရာရရှိခဲ့တာကြောင့် ယာမဲလ်နဲ့လူစားလဲခဲ့ရပါတယ်။

ဘာစီလိုနာက သူတို့ ၂ ဦးစလုံးရဲ့အခြေအနေကို စစ်ဆေးကြည့်ခဲ့ပြီး ဒီနေ့မှာ အခုလိုမျိုးထုတ်ပြန်ခဲ့ပါတယ်။ “ဒီဂျောင် ညာဘက်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာပါ။ ပီဒရီကလည်း ညာဘက်တံကောက်ကြောဒဏ်ရာရရှိခဲ့တာပါ။ ၂ ယောက်စလုံး နားရမှာဖြစ်ပြီး ပြန်လည်ကြံ့ခိုင်လာဖို့ အချိန်ယူရဦးမှာပါ”လို့ ဘာစီလိုနာက ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ သူတို့ ၂ ယောက် ဘယ်အချိန်ပြန်လာမလဲဆိုတာတော့ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပုံမှန်ဖြစ်နေကြဒဏ်ရာမျိုးဖြစ်တာကြောင့် အနည်းဆုံး ၁ လလောက်နားရဖွယ်ရှိနေပါတယ်။

ချန်ပီယံဆုအတွက် အရေးပါနေတဲ့အနေအထားမှာ အခုလိုမျိုး အဓိကကစားသမား ၂ ဦးဒဏ်ရာရခဲ့တာက ဘာစီလိုနာအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း နာပိုလီနဲ့ကန်ရမှာဖြစ်သလို လာလီဂါချန်ပီယံဆုအတွက်လည်း အသက်ဝင်နေဆဲဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ပီဒရီ #ဒီဂျောင်