ရှေ့သို့
Image

ဘာစီလိုနာကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်လာတဲ့ ဒီဂျောင်

1:43 PM, 21 February

ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်က လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ရေးသားဖော်ပြနေကြတဲ့ သတင်းတွေကို ဒေါသထွက်မိကြောင်း ပြင်းပြင်းထန်ထန်တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။

လက်ရှိဘာစီလိုနာမှာ ဒီဂျောင်ဟာ ဝင်ငွေအကောင်းဆုံး ကစားသမားဖြစ်ပြီး အသင်းအနေနဲ့ ဘဏ္ဍာရေးတင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ဒီဂျောင်ကို ရောင်းဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒီဂျောင်ကတော့ ဘာစီလိုနာမှာ ဆက်နေလိုကြောင်းနဲ့ ဒီသတင်းတွေဟာ ကောလဟာလတွေဖြစ်ကြောင်း အခိုင်အမာဆိုလာခဲ့တာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နယ်သာလန်သားက "ကျွန်တော့်ရဲ့ စာချုပ်အခြေအနေနဲ့ လစာအကြောင်း ပြောနေကြတာတွေ အများကြီးတွေ့ပါတယ်။ ဒီသတင်းတွေမှာ အလိမ်အညာတွေ အများကြီးပါနေပါတယ်။ မီဒီယာတွေက ကျွန်တော်ဟာ တစ်နှစ်ကို ယူရို သန်း ၄၀ လောက်ရနေတယ်လို့ဖော်ပြနေကြပေမယ့် ဒါက တကယ့်အမှန်တရားနဲ့ အများကြီးကွာဟနေပါတယ်။ ကျွန်တော်ရဲ့ လစာကိုဖော်ပြမှာမဟုတ်ပေမယ့် ဒါက အလိမ်အညာတစ်ခုပါပဲ။ ကျွန်တော် ဒီမှာနေရတာပျော်ပါတယ်။ ဘာစီလိုနာက ကျွန်တော့်ရဲ့ အိပ်မက်အသင်းပါ။ ဒီမှာဆက်ကစားဖို့လည်း ဆန္ဒရှိနေတုန်းပါ" "အခုနောက်ပိုင်းမှာတော့ မီဒီယာတွေရဲ့ အလိမ်အညာတွေကြောင့် ဒေါသထွက်နေရပါတယ်။ ကျွန်တော့်အကြောင်းကို မဟုတ်မမှန်တာတွေ ပြောနေ ရေးနေကြတာကို မကျေနပ်ပါဘူး။ ဒီလို သတင်းအတုတွေရေးနေရတာကို မရှက်ကြဘူးလား။ ကျွန်တော်နဲ့ ပတ်သက်တဲ့သတင်းတွေက အလိမ်အညာတွေနဲ့ ပြည့်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။

စပိန်သတင်းစာတွေကတော့ လာမယ့်နွေရာသီမှာ ဘာစီလိုနာဟာ နယ်သာလန်လက်ရွေးစင် ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ ဒါမှမဟုတ် ရောင်းချဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ တော့တင်ဟမ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့က ဒီဂျောင်ကို ခေါ်ယူဖို့စိတ်ဝင်စားနေကြပေမယ့် ကစားသမားကတော့ အသင်းကနေ ထွက်ခွာလိုခြင်းမရှိပါဘူး။

သို့သော်လည်း ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် လာမယ့် ၂၀၂၄-၂၅ ရာသီမှာ အသင်းအတွက် ကစားသမားဖြည့်တင်းမယ်ဆိုရင် ဒီဂျောင်ကို ရောင်းချသွားရဖို့ ရှိနေပါတယ်။ ဇာဗီရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့မှာတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် နာပိုလီကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင်