ရှေ့သို့
Image

မန်ချက်စတာဒါဘီပွဲမတိုင်ခင် ယူနိုက်တက်အသင်းဖော်တွေကို မက်ဆေ့ချ်ပေးပို့လိုက်တဲ့ အိုနာနာ

8:40 AM, 1 March

ယူနိုက်တက်ဂိုးသမား အိုနာနာက တနင်္ဂနွေနေ့မှာကန်မယ့် မန်ချက်စတာဒါဘီပွဲမတိုင်ခင် မိမိတို့အနေနဲ့ အဆင်သင့်ဖြစ်နေရမယ်လို့ ပြောကြားလိုက်ပြီး အီတီဟက်မြေမှာ ခက်ခဲအောင်လုပ်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ မန်ချက်စတာဒါဘီဟာ တနင်္ဂနွေနေ့မှာကစားမှာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက ၃ မှတ်ပြည့်ရယူနိုင်ဖို့ ရေပန်းစားနေပါတယ်။

ပြီးခဲ့တဲ့နောက်ဆုံး ၂ ကြိမ်တွေ့ဆုံခဲ့တဲ့ မန်ချက်စတာဒါဘီမှာ စီးတီးက ၆-၃ ၊ ၄-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၂၁ တုန်းက တစ်ကြိမ်ပဲ စီးတီးကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အက်ဖ်အေဖလားမှာ နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ နဲ့အနိုင်ရခဲ့ပြီးနောက် အိုနာနာက မန်စီးတီးနဲ့ပွဲဟာ ခက်ခဲနိုင်ပြီး မိမိတို့အဆင်သင့်ဖြစ်အောင်လုပ်ဆောင်ကာ ဒုက္ခပေးဖို့ကြိုးပမ်းရမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

“အဲ့တာက တကယ်ကောင်းတဲ့ခံစားချက်ပါ။ ဒီနေ့မှာ ပြိုင်ဘက်ကိုအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုတော့ လာမယ့်ပွဲတွေကို အာရုံစိုက်ရတော့မှာပါ။ ကျွန်တော်တို့အတွက် ဒီမန်ချက်စတာဒါဘီပွဲက အရေးကြီးတယ်ဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့်အဆင်သင့်ဖြစ်အောင်လုပ်ဆောင်ရမှာဖြစ်ပြီး ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ဖြစ်တာကြောင့်ပါ။ လွယ်ကူမှာတော့မဟုတ်ပေမယ့် သူတို့ကိုလည်း ခက်ခဲအောင် လုပ်ဆောင်ရပါမယ်။ ကျွန်တော်တို့တွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့အတွက် တိုက်ပွဲဝင်သွားမှာပါ။ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ သေချာတာကတော့ ကျွန်တော်တို့ လုံးဝအဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီလိုပွဲမျိုးကစားနိုင်ဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ အရမ်းကောင်းပြီး စိတ်လှုပ်ရှားဖို့ကောင်းမယ့်ပွဲဖြစ်နိုင်ပါတယ်။ထိပ်တန်းအသင်းတစ်သင်းနဲ့ကျွန်တော်တို့ကန်ရမှာဖြစ်ပါတယ်။ သူတို့ဘယ်သူလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့အတွက် ကျွန်တော်တို့အဆင်သင့်ဖြစ်နေရပါမယ်”လို့ အိုနာနာက ပြောကြားခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကိုအနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဟာ ၄ ပွဲအတွင်း ပထမဆုံးအကြိမ်ပေးဂိုးမပေးရတဲ့နိုင်ပွဲဖြစ်လာခဲ့ပါတယ်။ အိုနာနာကတော့ အသင်းနောက်တန်း ၄ ယောက်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပြီး အမရာဘတ်က ဘယ်နောက်ခံလူအဖြစ် ကစားခဲ့တာဖြစ်ပါတယ်။

“အဝတ်လဲခန်းထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေတယ်ဆိုရင် ခင်ဗျားမှာ အရည်အချင်းရှိပါတယ်။ ကျွန်တော်တို့မှာ ဒီရာသီဒဏ်ရာရ ကစားသမားတွေ များပြားပါတယ်။ ဒါပေမယ့် အဲ့တာက ဘဝပါ။ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့နောက်တန်းက အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ပွဲတိုင်းအခုလိုမျိုးလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီပေးဂိုးမဲ့နိုင်ပွဲက ကျွန်တော်တို့ကို ယုံကြည်မှုပေးနိုင်ပါတယ်။ အားလုံးအတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်”လို့ အိုနာနာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ပရီးမီးယားလိဂ်