ရှေ့သို့
Image

ဂျိုတာရဲ့အရေးပါတဲ့ အခန်းကဏ္ဍအပေါ် ချီးကျူးလိုက်တဲ့ လီဗာပူး လက်ထောက်နည်းပြ ပက်လင်ဒါးစ်

3:36 PM, 24 January

လီဗာပူး အသင်းလက်ထောက်နည်းပြ ပက်လင်ဒါးစ်ဟာ စွယ်စုံရတိုက်စစ်မှူးဂျိုတာရဲ့ အကြီးစားပရိသတ်တစ်ဦး ဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးက ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဘုန်းမောက်ကို လေးဂိုးပြတ်အနိုင်ရရှိတဲ့ ပွဲစဉ်မှာ အနီရောင်တပ်သားတွေ အတွက် သွင်းဂိုးနှစ်ဂိုး ရယူရင်း အရေးပါတဲ့ လွှမ်မိုးမှုပုံစံကို ပြသခဲ့ပါတယ်။ လတ်တလောမှာ ဂျိုတာက အားထားရတဲ့တိုက်စစ်မှူး မိုဆာလက်နေရာဆီ အစားဝင်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းမှာ အားကိုးရတဲ့ ခြေစွမ်းမျိုးကို ပြသထားပါတယ်။

ဂျိုတာရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ပက်လင်ဒါးစ်က “ကျွန်တော်ကတော့ သူတို့ရဲ့သွင်းဂိုး ဘယ်လောက်ရှိသလဲဆိုတာအပေါ် ကြည့်ရှုပြီး အကဲဖြတ်တာမျိုး ဘယ်တော့မှမလုပ်ပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းကတော့ တကယ့်ကို အရေးကြီးပါတယ်။ စကားမစပ်၊ ဒါဝင်နူနက်ဇ်လည်း အရေးပါတာပါပဲ။ ဒါကပဲ အသင်းကောင်းတစ်ခုရဲ့သင်္ကေတဖြစ်သလို ကျွန်တော်တို့မှာ ရှိနေတဲ့ ကစားသမားတွေရဲ့ စရိုက်လက္ခဏာ၊ စိတ်ဓါတ်နဲ့ ရည်မှန်းချက်ကြီးမားမှုတွေအတွက် သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ ဂျိုတာလိုကစားသမားမျိုးက စိတ်ခွန်အားတွေ ပေါက်ကွဲထွက်လာချိန်၊ တစ်ကမ္ဘာလုံးကို ဆန့်ကျင်ပြီး သူ သွားချင်တဲ့နေရာဆီ ရောက်အောင် သွားချင်နေတဲ့အချိန်၊ ရောက်အောင်သွားဖို့လည်း ဆုံးဖြတ်လိုက်ချိန်တွေမှာဆိုရင် မယုံကြည်နိုင်လောက်စရာအရာတွေကို လုပ်နိုင်စွမ်းရှိပါတယ်”

“ကျွန်တော်တို့ကတော့ သူ့ဆီမှာ တက်နိုင်သမျှ အဲ့ဒီလိုစိတ်ခံစားမှုတွေ ရှိနေစေချင်ပါတယ်။ သူနဲ့အတူ ဒါဝင်နူနက်ဇ်၊ လူးဝစ်ဒီယက်ဇ်၊ အယ်လီယော့၊ ဂတ်ပိုတို့ကို မတူကွဲပြားတဲ့ အခိုက်အတန့်တွေမှာ သူတို့အားလုံး တိုးတက်လာပုံနဲ့ ပတ်သက်ပြီး တကယ်ကို ပျော်ရွှင်ကျေနပ်မိပါတယ်။ တစ်ဦးတစ်ယောက်တည်းပဲ အားကိုးလိုက်ဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ မိုဆာလက်၊ ဖာမီနို၊ ဆာဒီယိုမာနေးတို့တုန်းကလည်း ဒီအတိုင်းပါပဲ။ မိုဆာလက် ကောင်းကောင်းမကစားနိုင်ချိန်မှာ ဖာမီနိုက ခြေစွမ်းပြတယ်။ မာနေးရော၊ မိုဆာလက်ပါ ခြေစွမ်းပျောက်နေချိန်ဆိုရင် ဖာမီနို ခြေပေါ်နေပြန်ပါတယ်။ မာနေး ဂိုးမဖန်တီးပေးနိုင်ရင်လည်း မိုဆာလက်ကတော့ ဂိုးတွေ သွင်းယူပေးနေပါလိမ့်မယ်။ ကျွန်တော်ပြောချင်တဲ့ အချက်ကတော့ အထပ်ထပ်လေ့ကျင့်ပြီးချိန်မှာ သူတို့အားလုံး ယုံကြည်မှုနဲ့ ကတိကဝတ်တွေ ရှိလာခဲ့ပြီဆိုရင် ဒီလိုအရာတွေ ဖြစ်ပေါ်လာပါလိ့မ်မယ်ဆိုတာပါပဲ”လို့ ပြောပါတယ်။

#လီဗာပူး #ဂျိုတာ #ပရီးမီးယားလိဂ် #ပက်လင်ဒါးစ်