ရှေ့သို့
Image

ကာရာဘောင်ဖိုင်နယ်မတိုင်ခင် ဒဏ်ရာပြဿနာထိုးနှက်ချက် ကြီးကြီးမားမားဖြင့် ရင်ဆိုင်နေရတဲ့ လီဗာပူး

1:15 PM, 20 February

အခုသီတင်းပတ်ကုန်၊ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲကို ဂျိုတာ၊ ကာတစ်ဂျုံးစ်တို့ လွဲချော်မှုနဲ့အတူ လီဗာပူးအသင်းရဲ့ ဒဏ်ရာပြဿနာအကျပ်အတည်းက ပိုမိုကြီးမားပြင်းထန်လာပါတယ်။

ဓါတ်မှန်ရိုက်စစ်ဆေးမှုတွေအရ ဒီကစားသမားနှစ်ဦးလုံးဟာ ကာလတစ်ခုကြာ အနားယူရဖို့ရှိနေပြီး ဝင်ဘာလေကွင်းဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ဖွယ် မရှိပါဘူး။ ဒါ့အပြင် လီဗာပူးက အာနိုးလ်ကိုလည်း လက်လွှတ်ထားရပြန်ပါတယ်။

အလားတူ တံကောက်ကြောဒဏ်ရာတွေရရှိနေတဲ့ ဆိုဘိုဆလိုင်းနဲ့ အလီဆင်တို့လည်း ပါဝင်ကစားနိုင်ပါ့မလားဆိုတာ သံသယတွေ ကြီးကြီးမားမားထွက်ပေါ်နေပါတယ်။ ဂျိုတာနဲ့ ကာတစ်ဂျုံးစ်တို့ကို ပြီးခဲ့တဲ့စနေနေ့၊ ဘရန့်ဖို့ဒ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲချိန်အတွင်း ဒူးဒဏ်ရာ၊ ခြေကျင်းဝတ်ဒဏ်ရာတွေကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။

လီဗာပူးအသင်းဘက်ကတော့ သူတို့နှစ်ဦးရဲ့ဒဏ်ရာအခြေအနေကို နောက်ထပ်စစ်ဆေးစမ်းသပ်မှုတွေ လုပ်သွားဖို့ ရှိနေပေမယ့် ဒူးဒဏ်ရာ ရရှိခဲ့တဲ့ဂျိုတာက နှစ်လခန့် အနားယူရမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အာနိုးလ်ရဲ့ ဒူးအရွတ်ဒဏ်ရာ ပြင်းထန်လာပြီးနောက် ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေသလို အလီဆင်ကလည်း ပြီးခဲ့တဲ့သောကြာနေ့၊ လေ့ကျင့်ရေးအစီအစဉ်မှာ တံကောက်ကြောပြဿနာတစ်ခုကို ခံစားခဲ့ရပါတယ်။

ကြွက်သားပြဿနာနဲ့အတူ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ် ပထမပိုင်းပွဲချိန်အပြီး လူစားလဲလှယ်ခဲ့ရတဲ့ တိုက်စစ်မှူးဒါဝင်နူနက်ဇ်ကလည်း လီဗာပူးအသင်းရဲ့စိုးရိမ်မှုတွေကို တိုးပွားလာစေပါတယ်။ ကာလရှည်ဒဏ်ရာပြဿနာတွေက သီယာဂို၊ ဘာ့ဂျ်စီတစ်၊ မာတစ်နဲ့ ဗန်ဒုတ်တို့ကို ကွင်းဘေးစည်းမှာပဲ အချိန်အတန်ကြာ မြင်တွေ့ရစေပါလိမ့်မယ်။

ဒါကြောင့် ကလော့ပ်အနေဖြင့် အဓိက ကစားသမားတွေ မပါဝင်ဘဲ ခက်ခဲတဲ့ပွဲစဉ်တွေကို ကျော်ဖြတ်ရဖို့ ရှိနေပြီး ရမှတ်တွေလျော့ကျမယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဆုပြေးလမ်းမှာ မန်စီးတီး၊ အာဆင်နယ်တို့ကို အခွင့်အရေးပေးသလို ဖြစ်သွားလိမ့်မယ်ဆိုတာ သိရှိထားပါတယ်။

လီဗာပူးက ဗုဒ္ဓဟူးနေ့ညပိုင်းမှာ လူတန်တောင်းနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် ချဲလ်ဆီးကို ရင်ဆိုင်ကာ အခုရာသီ၊ ပထမဆုံးဆုဖလားအောင်ပွဲရယူနိုင်ရေး တိုက်ပွဲဝင်သွားရပါမယ်။ ဒါ့အပြင် မတ်လ ၁၀ ရက်၊ အန်ဖီးလ်ကွင်းမှာ လိဂ်ချန်ပီယံဆုပြိုင်ဘက်မန်စီးတီးကို ဧည့်ခံကစားရဖို့ ရှိပါတယ်။

လက်ရှိအချိန်အထိတော့ ယာဂန်ကလော့ပ်ရဲ့အသင်းက ကစားသမားအင်အားနည်းပါးမှုကို အကောင်းဆုံးကိုင်တွယ်ထားနိုင်ပေမယ့် အသင်းရဲ့လက်ရှိအမှတ်ပေးဇယား ရပ်တည်မှုပိုင်း ကျဆင်းသွားခဲ့မယ်ဆိုရင် သူတို့ရဲ့ အမှတ်ပေးချန်ပီယံဆုမျှော်လင့်ချက်ကို ထိခိုက်လာနိုင်ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ဂျိုတာ #ကာရာဘောင်ဖလား