ရှေ့သို့
Image

ရီစီဂျိမ်းစ်ရဲ့ဒဏ်ရာ နောက်ဆုံးအခြေအနေပြောပြလာတဲ့ ချဲလ်ဆီးနည်းပြ ပိုချက်တီနို

12:12 PM, 11 December

ယမန်နေ့ညပိုင်း၊ အဲဗာတန်နဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဒဏ်ရာပြဿနာ ပေါ်ပေါက်ခဲ့တဲ့ ရီစီဂျိမ်းစ်ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက သတင်းအချက်အလက်အချို့ ပေးပို့လိုက်ပါတယ်။ ချဲလ်ဆီးရဲ့ဘောလုံးရာသီသစ်စတင်မှုက လက်ရှိအချိန်အထိ ဆိုးရွားနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်နောက်ဆုံး နှစ်ပွဲဆက် အရေးနိမ့်ကာ အမှတ်ပေးဇယားအဆင့်-၁၂ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

ဂူဒီဆင်ပတ်ခ်မှာ ကစားရတဲ့ ပွဲစဉ်မှာလည်း ပိုချက်တီနိုရဲ့ အသင်းက ဒဏ်ရာပြဿနာတစ်ခုကြောင့် သူတို့ရဲ့ကပ္ပတိန်ကို ပထမပိုင်းပွဲချိန်အတွင်းမှာပဲ လက်လွှတ်ခဲ့ရပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားက အစောပိုင်းဒဏ်ရာတစ်ခုကြောင့် ချဲလ်ဆီးရဲ့ပွဲစဉ်ခုနစ်ပွဲကို လွဲချော်ထားခဲ့ပြီး လက်ရှိမှာလည်း နောက်ထပ်ပွဲစဉ်တွေကို လွဲချော်နိုင်မယ့် အလားအလာတွေနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

BBC MOTD အစီအစဉ်နဲ့တွေ့ဆုံချိန် ပိုချက်တီနိုက “ရီစီဂျိမ်းစ်ဟာ သူ့ရဲ့တံကောက်ကြောမှာ တစုံတရာခံစားနေခဲ့ရပါတယ်။ သူ့အတွက် နောက်ထပ်ဒဏ်ရာပြဿနာတစ်ခု ထပ်ရလာဖို့ဆိုတာ သိပ်ပြီး ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ရီစီဂျိမ်းစ်က အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးပါ”လို့ ပြောပါတယ်။

အဲဗာတန်ကို အရေးနိမ့်ပြီးနောက် ချဲလ်ဆီးဟာ အခုဘောလုံးရာသီမှာ ပရီမီးယားလိဂ်နိုင်ပွဲ ၅ ပွဲသာ ရှာဖွေနိုင်ပြီး အမှတ်ပေးဇယားအဆင့်-၁၂ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ လိဂ် ၁၆ ပွဲကစား၊ ရမှတ် ၁၉ မှတ်သာ ရှာဖွေထားနိုင်တဲ့ ပိုချက်တီနိုရဲ့အသင်းက လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၀ နေရာရှိ လန်ဒန်မြို့ခံပြိုင်ဖက်ဖူလ်ဟမ်ရဲ့ နောက်မှာ နှစ်မှတ်အကွာဖြင့် ရပ်တည်နေပါတယ်။

ဖူလ်ဟမ်က ယမန်နေ့ညပိုင်းမှာ ယူရိုပါကွန်ဖရန့်လိဂ်လက်ရှိချန်ပီယံ ဝက်စ်ဟမ်းကို ငါးဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။ အခုလိုရုန်းကန်ရမှုတွေ ရှိနေချိန်မှာပဲ ရီစီဂျိမ်းစ်ကို ကာလအတန်ကြာလက်လွှတ်ရမယ့်အခြေအနေက ချဲလ်ဆီး အတွက် အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်ရဖို့ တွန်းပို့နေပြန်ပါတယ်။

ပိုချက်တီနိုရဲ့အသင်းက လာမယ့်ဒီဇင်ဘာ ၁၆ ရက်မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားပြီးနောက် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်အဖြစ် နယူးကာဆယ်နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။

#ချဲလ်ဆီး #အဲဗာတန် #ရီစီဂျိမ်းစ် #ပိုချက်တီနို #ပရီးမီးယားလိဂ်