ရှေ့သို့
Image

အာဆင်နယ်လိုအပ်နေတာ ဒီလိုဂိုးတွေဖြစ်တယ်လို့ဆိုလိုလာတဲ့ အိုဒီဂတ်

1:17 PM, 19 February

အာဆင်နယ် အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်က အသင်းဟာ ဒီလိုဂိုးတွေနဲ့နိုင်ပွဲတွေကို လိုအပ်နေခဲ့ကြောင်းနဲ့ ယခုအခါမှာတော့ ချန်ပီယံလိဂ်မှာရော ပရီးမီးယားလိဂ်မှာပါ ပြိုင်ဆိုင်ဖို့ ယုံကြည်ချက်ရှိလာပြီလို့ပြောကြားလာခဲ့ပါတယ်။

အာဆင်နယ်ဟာပြီးခဲ့တဲ့ စနေနေ့က ဘန်လေကို ၅-၀ နဲ့အနိုင်ရခဲ့ပြီး ယခုအခါမှာတော့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပေါ်တိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရလဒ်ကောင်းတွေကို ဆက်လက်ပုံဖော်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

အိုဒီဂတ်က “ကျွန်တော်တို့က ပြိုင်ပွဲနှစ်ခုစလုံးကို အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ချင်တာပါ။ ချန်ပီယံလိဂ်က ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲမို့လို့ လာမယ့်ပွဲအတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲအပေါ်မှာပဲ အာရုံစိုက်သွားမှာပါ။ အခုချိန်မှာ အသင်းက အရှိန်အဟုန်ကောင်းနေပြီး ဒါကိုဆက်လက်အသုံးချနိုင်ဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဘန်လေကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိုဒီဂတ်ဟာ အာဆင်နယ်အသင်းကို အရေးပါတဲ့ အခန်းကဏ္ဍကနေကူညီပေးနိုင်ခဲ့ပြီး အဖွင့်ဂိုးကို ပွဲအစ ၄ မိနစ်မှာပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် အာတီတာရဲ့အသင်းဟာ ထိပ်ဆုံးက လီဗာပူးနဲ့ ၂ မှတ်သာကွာဟတော့ပြီး ချန်ပီယံဆုကို အနီးကပ်ဆုံးစိန်ခေါ်လာနိုင်ခဲ့ပါတယ်။

ရာသီအစမှာ အာဆင်နယ်ရဲ့တိုက်စစ်ဟာ ဂိုးပေါက်ရှေ့က စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပေမယ့် ယခုအခါမှာတော့ ၂ ပွဲမှာ ၁၁ ဂိုးသွင်းပြီး လက်ရှိပရီးမီးယားလိဂ်ရဲ့ ဂိုးကွာခြားချက်အကောင်းမွန်ဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။

အိုဒီဂတ်က “ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ကျွန်တော်တို့လိုအပ်နေခဲ့တာ ဒါပဲဖြစ်ပါလိမ့်မယ်။ အဲဒီတုန်းက ကျွန်တော်တို့ဖန်တီးမှုတွေအများကြီးလုပ်နိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ ဂိုးအရှေ့မှာ ထက်မြက်နေပါပြီ။ ပြိုင်ဘက်ရဲ့ဂိုးဧရိယာကို ကျွန်တော်တို့ လွှမ်းမိုးထားနိုင်ပါပြီ။ ကျွန်တော်တို့ ဒီအတိုင်းဆက်သွားနေဖို့လိုပါတယ်။ သွားရမယ့် ခရီးလမ်းက ရှည်လျားသေးတာကြောင့် ဒီအတိုင်း ဆက်တိုက်တိုးတက်သွားရပါမယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #အိုဒီဂတ် #ပရီးမီးယားလိဂ်