ရှေ့သို့
Image

ဂျာမနီကို ရှုံးနိမ့်တဲ့ပွဲစဉ်အပြီး အသင်းရဲ့ကစားပုံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်

11:04 AM, 13 September

၂၀၂၃ ခုနှစ်အတွင်း ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ ပြင်သစ်ရဲ့စံချိန်မှတ်တမ်းကတော့ ဒီနေ့မနက်ပိုင်း၊ ဒေါ့မွန်အသင်းရဲ့အိမ်ကွင်းမှာကစားတဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်မှာ ဂျာမနီကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ပြီး ရပ်တန့်သွားခဲ့ရပါပြီ။

စိတ်ဓါတ်ပိုင်းမြှင့်တင်နိုင်ဖို့ မဖြစ်မနေနိုင်ပွဲလိုအပ်နေတဲ့ ယာယီနည်းပြ ရူဒီဗိုလာရဲ့ အသင်းအတွက် သောမတ်စ်မူလာ၊ ဆာနေးတို့ရဲ့သွင်းဂိုးတွေက ပြင်သစ်ကို အနိုင်ရရှိဖို့ လုံလောက်စေခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ဂရစ်ဇ်မန်းက ပယ်နယ်တီမှတဆင့် ပြင်သစ်တို့အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့် ရလဒ်ပိုင်း အပြောင်းအလဲဖြစ်လာဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ပွဲစဉ်အပြီး TF1 သတင်းဌာနနဲ့တွေ့ဆုံချိန် ဒက်စ်ချမ့်စ်က “ကျွန်တော်တို့က အရမ်းဆိုးရွားပြီး ကပ်ဆိုးတစ်ခုနဲ့ သဏ္ဍာန်တူတဲ့ စတင်မှုမျိုးကို လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့က နေရာယူမှုတွေမှာရော၊ တစ်ဦးချင်းဘောလုံးယှဉ်လုမှုတွေမှာပါ အမြဲတမ်းနောက်ကျကျန်ခဲ့ပြီး ဒီလိုအနေအထားမှတဆင့် ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပါတယ်။ ကျွန်တော်ကတော့ ပြိုင်ဘက်ကို နှစ်ဂိုးလက်ဆောင်ပေးခဲ့တယ်လို့ မပြောချင်ပါဘူး။ ဒါပေမယ့် ဂျာမနီရဲ့ဒုတိယမြောက်သွင်းဂိုးကိုလည်း ကာကွယ်နိုင်ခဲ့သင့်တယ်”လို့ ဆိုပါတယ်။

ဒက်စ်ချမ့်စ်က ကွန်ဒီ၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ အူပါမီကာနိုတို့ရဲ့နေရာမှာ ပါဗက်၊ ဆာလီဘာ၊ တိုဒီဘိုတို့ကို ထည့်သွင်းပြီး ခံစစ်ပိုင်းအပြောင်းအလဲတစ်ခု ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် အခုပွဲစဉ်မှာ ပွဲထွက်လာတဲ့ နောက်ခံလူတွေက ပြင်သစ်နည်းပြရဲ့စိတ်ဆန္ဒကို ဆွဲဆောင်သိမ်းသွင်းနိုင်ရေး အနည်းငယ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းနည်းပြက “မှန်ပါတယ်။ အချို့ကစားသမားတွေ မကစားနိုင်သေးလို့ ကျန်အသင်းသားတွေထဲက အချို့ကို ပွဲကစားချိန်ပေးနိုင်ဖို့ အပြောင်းအလဲတွေ ကျွန်တော် ပြုလုပ်ခဲ့ပါတယ်။ ဂျာမနီလို ပြိုင်ဘက်အသင်းဖြစ်နေရင်တောင်မှ ဒါမျိုးဆုံးဖြတ်ချက်က အခြားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရှုဖို့ ကျွန်တော့်အတွက် အခွင့်အရေးရရှိစေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒက်စ်ချမ့်စ်က သူ့အသင်းဟာ ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ဂျာမနီရဲ့ နိုင်ပွဲဆာလောင်မှု၊ အပြင်းအထန်အားထုတ်မှုတို့အပေါ် မယှဉ်ပြိုင်နိုင်ခဲ့ဘူးလို့ ယုံကြည်နေပါတယ်။ “မှန်ပါတယ်။ ဒါက ကျွန်တော် မျှော်လင့်ထားတဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ အမြင့်ဆုံးအဆင့်အတန်းမှာ ကစားနေကြရတာပါ။ ကျွန်တော်တို့တွေ အချိန်အတော်ကြာ ရှုံးပွဲတွေနဲ့ မကြုံတွေ့ခဲ့ရပါဘူး”လို့ ၁၉၉၈ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဆုရှင်က ဆက်ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ဘက်ဂိုးဧရိယာအတွင်း ရူဒီဂါအပေါ် မူအာနီရဲ့ ကစားပုံကြောင့် ပယ်နယ်တီအခွင့်အရေးရရှိဖို့ နီးစပ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်တေလာရဲ့ ငြင်းဆန်ပယ်ချခဲ့မှုအပေါ် ဒက်စ်ချမ့်စ်က စိတ်မဝင်စားခဲ့ပါဘူး။

ဒက်စ်ချမ့်စ်က “အဆုံးမှာတော့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အမြင့်ဆုံးအဆင့်အထိ တောင်းဆိုထားမှုအပေါ် မဖြည့်ဆည်းပေးနိုင်ခဲ့လို့ပါ”လို့ ရှင်းပြပါတယ်။

လတ်တလောမှာ ပြင်သစ်တို့က ယူရို-၂၀၂၄ ခြေစစ်ပွဲကို တက်နိုင်သမျှ အစောဆုံးအောင်မြင်အောင် ကြိုးစားဖို့ပဲ ရှိပါတော့တယ်။ ဒက်စ်ချမ့်စ်ရဲ့အသင်းက လာမယ့်အောက်တိုဘာလအတွင်း အက်စတာဒမ်မှာ နယ်သာလန်နဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။

#ဂျာမနီ #ပြင်သစ် #ဒက်စ်ချမ့် #ခြေစမ်းပွဲ