ရှေ့သို့
Image

ဘယ်လင်ဟမ် မပါဝင်နိုင်ချိန် ဘယ်လိုပြင်ဆင်မလဲဆိုတာ ရှင်းလင်းပြောပြလာတဲ့ အန်ဆယ်လော့တီ

12:56 PM, 13 February

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက သူ့ရဲ့အသင်းဟာ အားထားရတဲ့ ကစားသမား ဘယ်လင်ဟမ်ကို လက်လွှတ်ထားရပေမယ့် လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရန် လုံလောက်တဲ့ လူစာရင်းအစုအဖွဲ့ကို ပိုင်ဆိုင်ထားတယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

ဘယ်လင်ဟမ်က ပြီးခဲ့တဲ့စနေနေ့၊ ဂျီရိုနာနဲ့ရင်ဆိုင်ရတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး လူစားလဲလှယ်ခဲ့ရပါတယ်။ သူ့ရဲ့ဒဏ်ရာကို အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာမှာ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ အနည်းဆုံး သီတင်းနှစ်ပတ်ခန့် အနားယူသွားရမယ်လို့ သိရပါတယ်။

အန်ဆယ်လော့တီကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘယ်လင်ဟမ်ကို လက်လွှတ်ထားရပေမယ့် အစားထိုးရွေးချယ်နိုင်မယ့်ကစားသမား အလုံအလောက်ရှိတယ်လို့ ရှင်းပြလာပါတယ်။

တနင်္လာနေ့ပွဲကြို သတင်းစာရှင်းလင်းပွဲအတွင်း အန်ဆယ်လော့တီက “အသင်းမှာ ရှိမနေနိုင်သေးတဲ့ ကစားသမားတွေ အကြောင်း ကျွန်တော်တို့ ဘယ်တော့မှ မစဉ်းစားပါဘူး။ အသင်းမှာရှိနေတဲ့ ကစားသမားတွေ အကြောင်း စဉ်းစားပေးရတာ ပိုပြီးသဟဇာတဖြစ်ပါတယ်။ ဘယ်လင်ဟမ်မပါဝင်ဘဲနဲ့ ကျွန်တော်တို့ အခုရာသီမှာ လေးပွဲတိတိ အနိုင်ကစားခဲ့ဖူးပါတယ်။ ဘရာဟင်ဒီယက်ဇ်ပဲဖြစ်ဖြစ်၊ ဟိုဆေးလူပဲဖြစ်ဖြစ် သူ့နေရာမှာ အစားထိုးကစားပေးသူတိုင်းက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဟိုဆေးလူနဲ့ ဘရာဟင်ဒီယက်ဇ်တို့ကလည်း အခုရာသီ၊ ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ခြေစွမ်းပြနေပါတယ်။ အန်ဆယ်လော့တီကတော့ လိုက်ပ်ဇစ်နဲ့ပွဲစဉ်အတွက် ဘယ်သူ့ကို ပွဲထွက်ယှဉ်ပြိုင်ကစားစေမလဲဆိုတာ ထုတ်မပြောခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ်က ဒီနေ့ညပိုင်း၊ ဂျာမန်မြေမှာ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒီနောက်မှာတော့ လာမယ့် တနင်္ဂနွေနေ့မှာ ဗယ်လီကာနိုနဲ့ လာလီဂါအဝေးကွင်းပွဲစဉ်ကို ဆက်လက်ကစားသွားရပါမယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #ဘယ်လင်ဟမ်