ရှေ့သို့
Image

ဘော်လွန်းဒီအော်ဆုဟာ မားကတ်တင်းလုပ်ဆောင်နိုင်စွမ်းကို ကြည့်ပြီးပေးတာဖြစ်တယ်လို့ ဝေဖန်လိုက်တဲ့ ရိုဒရီ

10:54 AM, 13 February

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ရိုဒရီက ဘော်လွန်းဒီအော်ဆုဟာ မားကတ်တင်းလုပ်ဆောင်နိုင်စွမ်းအပေါ်မှာမူတည်နေပြီး ဈေးကွက်စီးပွားရေးစနစ်ထဲက ကြော်ငြာနဲ့ပိုက်ဆံရှာဖွေပေးနိုင်တဲ့ ကစားသမားတွေကိုပေးတာဖြစ်တယ်လို့ ပြစ်တင်ဝေဖန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာက အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီဟာ အာလင်းဟာလန်းနဲ့ အမ်ဘာပေတို့ကို ကျော်ဖြတ်ပြီး ၈ ကြိမ်မြောက် ဘော်လွန်းဒီအော်ကို စံချိန်တင် ဆွတ်ခူးရရှိခဲ့ပါတယ်။ ယခုအခါမှာတော့ ဆန်ခါတင်စာရင်းမှာ အသင်းဖော် ကယ်ဗင်ဒီဘရိုင်းရဲ့နောက် အဆင့် ၅ နေရာမှာသာ ရပ်တည်ခဲ့တဲ့ ရိုဒရီက ဘော်လွန်းဒီအော်ဟာ ဈေးကွက်ရှာဖွေနိုင်တဲ့ကစားသမားတွေကို ချီးမြှင့်တာဖြစ်တယ်လို့ဆိုလာခဲ့ပါတယ်။

စပိန်လက်ရွေးစင်ကစားသမားက “ထိပ်ဆုံး ၃ ယောက်ထဲမှာကျွန်တော်မပါတာ မအံ့ဩပါဘူး။ ဒါကသာမန်ပါပဲ။ တစ်ဦးချင်းဆုတံဆိပ်တွေကို ဘယ်လိုစနစ်နဲ့ ချီးမြှင့်ကြလဲဆိုတာ ကျွန်တော်သိပါတယ်။ သူတို့က ဈေးကွက်ရှာဖွေရေး၊ ကြော်ငြာနဲ့ ပိုက်ဆံအပေါ်မှာအခြေခံပါတယ်။ ကျွန်တော့်လိုပဲ ထူးချွန်တဲ့ စပိန်ကွင်းလယ်ကစားသမား အချို့လည်း သူတို့နဲ့ထိုက်တန်တာကိုမရခဲ့ပါဘူး။ ကျွန်တော်ပြောတာကို သဘောပေါက်တယ်မဟုတ်လား(ရယ်လျက်)။ ကျွန်တော့်အတွက်ကတော့ ဘောလုံးမှာ အသင်းလိုက်ဆုတံဆိပ်တွေက ပိုအရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရိုဒရီရဲ့မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက သမိုင်းဝင်အောင်ပွဲအဖြစ် ဖလား ၃ လုံးကိုဆွတ်ခူးနိုင်ခဲ့ပြီး ဒီရာသီမှာလည်း နောက်ထပ်တစ်ကြိမ် ဖလား ၃ လုံးထပ်မံရရှိဖို့ လမ်းကြောင်းမှန်ပေါ်မှာရှိနေပါတယ်။  ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ အခြေအနေကောင်းနေတဲ့မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့မနက်မှာတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ ကချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။

#မန်စီးတီး #ရိုဒရီ #ပရီးမီးယားလိဂ်