ရှေ့သို့
Image

အဓိကကစားသမားသုံးဦးကို စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေတဲ့ လီဗာပူး

4:03 PM, 12 February

လီဗာပူးအသင်းက မိုဆာလက်၊ ဗန်ဒိုက်၊ အာနိုးလ်တို့လို အဓိကကစားသမားတွေနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအပေါ် ယုံကြည်မှုအပြည့်ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

သူတို့သုံးဦးလုံးက ၂၀၂၅ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ရှိနေပေမယ့် အသင်းရဲ့အဓိကကစားသမားတွေဆီ စာချုပ်သစ်ပေးနိုင်ဖို့အတွက် လီဗာပူးအသင်းဘုတ်အဖွဲ့မှာ စိုးရိမ်ပူပန်နေတာမျိုး အလျဉ်းမရှိပါဘူး။

Football Insider ရဲ့အဆိုအရ မာဆေးဆိုဒ်ကလပ်ဟာ သူတို့ရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးချင်းစီကို စာချုပ်သစ်ချုပ်ဆိုကာ လာမယ့်အနာဂတ်ကာလမှာလည်း အသင်းနဲ့အတူ ဆက်ရှိနေစေရေး ယုံကြည်ချက်အပြည့်ရှိနေတယ်လို့ သိရပါတယ်။


မိုဆာလက်အတွက် ယမန်နှစ်အပြောင်းအရွှေ့ဈေးကွက်မှာ ဆော်ဒီကလပ်အယ်လ်အစ်တီဟတ်ရဲ့ မက်မောလောက်ဖွယ် ကမ်းလှမ်းမှုတစ်ခုကို လီဗာပူးတို့ ရရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် ကစားသမားကိုယ်တိုင်က ဆော်ဒီမြေဆီပြောင်းရွှေ့ဖို့ အလျင်စလိုမဖြစ်နေဘဲ ထိပ်တန်းအဆင့်မှာ ဆက်လက်ကစားနိုင်ရေးသာ ရည်မှန်းထားခဲ့သလို လီဗာပူးအသင်းကလည်း သူတို့ရဲ့ တိုက်စစ်မှူးကို ရောင်းချပစ်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။


ကလော့ပ်အလွန် သူ့ရဲ့အနာဂတ်က ဘယ်မှာရှိနေမလဲဆိုတာ မသိသေးပါဘူးလို့ ပြောဆိုခဲ့တဲ့ ဗန်ဒိုက်နဲ့ ပတ်သက်လို့ ပရိသတ်တွေက စိုးရိမ်ပူပန်မှုအနည်းငယ်ရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် ဗန်ဒိုက်က ချက်ချင်းဆိုသလို ကလပ်အသင်းအပေါ် သူ့ရဲ့ကတိကဝတ်ကို အားဖြည့်လိုက်ပြီး “အရှင်းဆုံးပြောရရင်တော့ ကျွန်တော်က ကလပ်အသင်းအတွက်ပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်။ ဒီကလပ်အသင်းနဲ့ ပရိသတ်တွေကို ကျွန်တော်ချစ်မြတ်နိုးပါတယ်။ အခုထင်နေကြသလို မဟုတ်ပါဘူး” လို့ ရှင်းပြလိုက်ပါတယ်။


အလားတူ အာနိုးလ်က လီဗာပူးအနေဖြင့် သူ့အတွက် ပိုပြီးစွဲမက်ဖွယ်ရှိတဲ့ စာချုပ်မျိုးဖြင့် ကမ်းလှမ်းလာဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေအရ သိရပြီး အသင်းဘက်ကလည်း သူတို့ရဲ့ဒု-ကပ္ပတိန်နဲ့ ရေရှည်လက်တွဲသွားဖို့ ဆန္ဒရှိနေပါတယ်။

လီဗာပူးအသင်းအာဏာပိုင်တွေက အသက်-၂၅ နှစ်အရွယ်ကစားသမားကို အသင်းရဲ့အနာဂတ်အတွက် အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ရှုမြင်ထားပြီး အကယ်ဒမီထွက်ကြယ်ပွင့်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပါတယ်။


#လီဗာပူး #ဗန်ဒိုက် #ဆာလက် #အာနိုးလ် #ပရီးမီးယားလိဂ်