ရှေ့သို့
Image

အာဖရိကဖလားပြိုင်ပွဲကနေ ယူနိုက်တက်သို့ အိုနာနာပြန်ရောက်မယ့်အချိန်ကို အတည်ပြုလာတဲ့ တန်ဟက်

1:58 PM, 29 January

အိုနာနာဟာ ၂၀၂၃ ခုနှစ် အာဖရိကဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေအတွင်း ကင်မရွန်းအသင်းရဲ့လူစာရင်းမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သော်လည်း သူ့ရဲ့အသင်းဟာ ယမန်နေ့က နိုင်ဂျီးရီးယားကို ၂-၀ နဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာလာခဲ့ရပြီဖြစ်ပါတယ်။

အုပ်စုပွဲစဉ်တွေအပြီး နိုင်ဂျီးရီးယားနဲ့ရင်ဆိုင်ခဲ့ရတဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာတော့ ကင်မရွန်းနည်းပြ ရီဂိုဘတ်ဆောင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမား အိုနာနာကို အံ့အားသင့်ဖွယ် အရန်စာရင်းမှာသာထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ပွဲမစခင်မှာ ဆောင်းက ကင်မရွန်းအသင်းဟာ အုပ်စုအဆင့်မှာ ၆ ဂိုးအထိ ပေးခဲ့ရတာကြောင့် အိုနာနာကို နံပါတ် ၁ ဂိုးသမား ရာထူးကနေ အနားပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ယခုအခါမှာတော့ ကင်မရွန်းအသင်းဟာ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်တာကြောင့် အိုနာနာအနေနဲ့လည်း ကလပ်အသင်းနဲ့ပြန်လည်ပူးပေါင်းတော့မှာဖြစ်ပြီး ကြာသပတေးနေ့မတိုင်ခင်မှာ ယူနိုက်တက်သို့ပြန်လည်ရောက်ရှိမယ်လို့ မန်နေဂျာအဲရစ်တန်ဟက်က အတည်ပြုလာခဲ့ပါတယ်။

တန်ဟက်က “အန်ဒရေအိုနာနာက ကြာသပတေးနေ့မတိုင်ခင်ပြန်ရောက်မှာပါ။ ဒီတစ်ခါမှာတော့ ကျွန်တော့်အနေနဲ့ ယူနိုက်တက်ရဲ့အသန်မာဆုံးကစားသမားစာရင်းကို ပွဲထုတ်နိုင်ဖို့အလားအလာများနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
နွေရာသီမှာခေါ်ယူထားခဲ့တဲ့ အသင်းရဲ့ဂိုးသမားသစ် အယ်လ်တေးဘယင်ဒါက အိုနာနာမပါဝင်နိုင်တာကြောင့် ယမန်နေ့ညက နယူးပို့ကောင်တီကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပထမဆုံးအကြိမ် ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။ ပွဲအပြီးမှာ အယ်လ်တေးဘယင်ဒါနဲ့ပတ်သက်ပြီး တန်ဟက်က တူရကီလက်ရွေးစင်ဂိုးသမားရဲ့ စိတ်တည်ငြိမ်မှုကို သဘောကျကြောင်းပြောကြားခဲ့ပါတယ်။

နယ်သာလန်သားက “ဒီပွဲက သူ့အတွက် အေးဆေးတည်ငြိမ်တဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ကာကွယ်မှုအချို့ပြုလုပ်နိုင်ခဲ့ပြီး တည်တည်ငြိမ်ငြိမ်ကစားနိုင်ခဲ့ပါတယ်။ ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ သူ့အတွက် ပျော်စရာကောင်းတဲ့ပွဲတစ်ပွဲပါ။ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်ကျေနပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အိုနာနာဟာ ကြာသပတေးနေ့မတိုင်ခင်မှာ အိုးလ်ထရက်ဖို့ဒ်သို့ပြန်လည် ရောက်ရှိမှာဖြစ်လို့ ဝုဗ်နဲ့ပွဲစဉ်ကို ပါဝင်လာနိုင်ချေရှိနေပြီး အယ်လ်တေးဘယင်ဒါရဲ့ နေရာမှာ ပြန်လည်အစားထိုးဝင်ရောက်လာနိုင်မှာဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် အနိုင်မရရှိခဲ့တာကြောင့် ယခု ဝုဗ်နဲ့ပွဲစဉ်မှာတော့ ရလဒ်ကောင်းကို ပုံဖော်နိုင်ဖို့ အရေးကြီးနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဖရိကဖလား #အဲရစ်တန်ဟက် #အိုနာနာ