ရှေ့သို့
Image

ဂရေဟမ်ပေါ်တာ ထုတ်ပယ်ခံရပြီးနောက် တော့ဘိုလီကို ခနဲ့လိုက်တဲ့ တူချယ်

1:39 PM, 4 April

ချဲလ်ဆီးအသင်းထံ ပြီးခဲ့သည့်စက်တင်ဘာလတွင် ပိုင်ရှင်သစ် တော့ဘိုလီရောက်ရှိလာပြီးနောက် များစွားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့တာကြောင့် နည်းပြ ဂရေဟမ်ပေါ်တာထုတ်ပယ်ခံရမှုသည် သူ့အတွက် စိတ်လှုပ်ရှားမှုကြီးကြီးမားမားမဖြစ်စေကြောင်း ချဲလ်ဆီးနည်းပြဟောင်းဖြစ်သူ တူချယ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့်စက်တင်ဘာလတွင် ဂျာမန်သားနည်းပြ တူချယ်သည် ပရီးမီးယားလိဂ်ရာသီသစ်တွင် ခြောက်ပွဲသာ ကိုင်တွယ်ပြီးချိန်၌ တော့ဘိုလီက ၎င်းအားထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ တူချယ်သည် ၂၀၂၁ ခုနှစ်တွင် ချဲလ်ဆီး အသင်းနှင့် အတူ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပြီး အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် ပြီးခဲ့သည့်ရာသီက ထွက်ခွာသွားခြင်းက ကလပ်ကို ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် တူချယ် ထုတ်ပယ်ခံရသော အချိန်၌ ချဲလ်ဆီးပရိတ်သတ်များသည် ဒေါသတကြီးဖြစ်ခဲ့ကြပါတယ်။ ထုတ်ပယ်ခံရမှုမှ စိတ်ခံစားချက် ပုံမှန်ဖြစ်ရန် အချိန်အတော်ကြာယူခဲ့ရကြောင်း ဂျာမန်သားက ဝန်ခံခဲ့ပြီး  ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ပြီး သူ့ရဲ့ပထမဆုံး ခြေလှမ်းတွေကို ပြန်လည်စတင်ခဲ့ပါတယ်။ တူချယ်က သူ့မှာ ချဲလ်ဆီးနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေကို နှစ်သက်နေဆဲဖြစ်ပေမယ့် အသင်းပိုင်ရှင် တော့ဘိုလီကို ခနဲ့လိုက်ပြီး နည်းပြ ဂရေဟမ်ပေါ်တာ ထုတ်ပယ်ခံရမှုသည် သူ့အတွက် စိတ်လှုပ်ရှားမှုကြီးကြီးမားမား မဖြစ်ပေါ်စေဘူးလို့ဆိုပါတယ်။

တူချယ်က "မနေ့ညက သတင်းကို ကျွန်တော်မြင်တယ်။ ဘိုင်ယန်ကိုကျွန်တော်လာတဲ့အချိန်နဲ့ သူထုတ်ခံရတဲ့ အချိန်က တိုက်ဆိုင်နေတယ်။ ချဲလ်ဆီးမှာ အလုပ်လုပ်ရတာ အရမ်းပျော်ပြီး အားလုံးနဲ့ ခင်မင်ရင်းနှီးခဲ့တယ်။ ဒါပေမယ့် ကလပ်က အများကြီး ပြောင်းလဲသွားပြီ ဆိုတော့ ဒါဟာ ကျွန်တော့်ရင်ထဲမှာ ကြီးမားတဲ့ စိတ်ခံစားမှုတွေ မဖြစ်ပေါ်စေပါဘူး"ဟု ပြောကြားခဲ့ပါတယ်။

နာဂယ်စ်မန်းကို ထုတ်ပယ်ရန် ဘိုင်ယန်၏ ဆုံးဖြတ်ချက်သည် တူချယ်၏ နည်းပြဘဝပြန်လည်စတင်မှုအပေါ် တစ်စိတ်တစ်ပိုင်း သက်ရောက်စေခဲ့ပါတယ်။ ချဲလ်ဆီး အနေဖြင့်လည်း နာဂယ်စမန်းကို ခန့်အပ်ရန် ရည်မှန်းနေပြီး လိုက်ပ်ဇစ် နည်းပြဟောင်း ကို ဘိုင်ယန်က ထုတ်ပယ်ပြီးမကြာခင်မှာပဲ ချဲလ်ဆီးက ပေါ်တာကို ထုတ်ပယ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာက ရယ်စရာကောင်းကြောင်းပြောခဲ့ပါသေးတယ်။

သို့သော် နာဂယ်စ်မန်းသည် ချဲလ်ဆီးကလပ်အတွင်း အခြေအနေများ တည်ငြိမ်မှု မရှိခြင်းကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျသို ပြောင်းရွှေ့ရန် စိုးရိမ်မှုများ ရှိနေကြောင်းသိရပါတယ်။

#ချဲလ်ဆီး #တူချယ် #တော့ဘိုလီ #ပရီးမီးယားလိဂ် #ဂရေဟမ်ပေါ်တာ